တရက်မှာ လူတယောက်ဟာ ရောဂါတခုရပြီး သေခါနီး ဖြစ်နေတယ်။ သူက လူပျိုအရွယ် သူ့သားကို အနားခေါ်ပြီး ခုလို ပြောလိုက်တယ်။

"မင်းအဖိုး မသေခင်က ငါ့ကို အိတ်ဆောင် ရွှေနာရီတလုံး ပေးခဲ့တယ်။ အဲဒီနာရီဟာ အနှစ် ၂၀၀ လောက်ကြာနေပြီ။

မင်းကို အဲဒီ နာရီပေးမယ်။ ဒါပေမဲ့ မင်းကို ငါ မပေးခင်မှာ လက်ဝတ်ရတနာ ရောင်းတဲ့ဆိုင်ကို သွားပြီး နာရီကို ရောင်းရင် သူတို့ ဘယ်လောက် ပေးမလဲဆိုတာ စုံစမ်းကြည့်ပါ"

သားဟာ အဖေခိုင်းတဲ့အတိုင်း ရတနာဆိုင်ကို သွားပြီး နာရီကို ရောင်းမယ် ဆိုပြီး ပြကြည့်တယ်။ ပြီးတော့ အဖေ့ဆီ ပြန်လာပြီး အခုလို ပြန်ပြောတယ်။

"အဖေ၊ ရတနာဆိုင်က နာရီဟာ သိပ်ဟောင်းလွန်းနေပြီမို့ ဒေါ်လာ ၁၀၀ ပဲ ပေးမယ်လို့ ပြောပါတယ်"

အဖေက "ဒါဆိုလည်း အပေါင်ဆိုင်တခုမှာ နာရီကို သွားပေါင်ကြည့်ကွာ။ သူတို့ ဘယ်လောက်ပေးမလဲလို့" ပြောလိုက်ပြန်တယ်။ သားလည်း အပေါင်ဆိုင်ကို သွားလို့ အဖေ့ဆီပြန်လာပြီး ခုလိုပြန်ပြောတယ်။

"အပေါင်ဆိုင်က ပြောတယ်။ ဒေါ်လာ ၂၀ ပဲ ပေးမယ်တဲ့။ ဘာကြောင့်လဲဆိုတော့ နာရီမှာ ခြစ်ရာလေးတွေ ရှိလို့တဲ့"

အဖေက ပြောပြန်တယ်။ "မြို့ထဲက ပြတိုက်ကို သွားပြီး နာရီကို ပြကြည့်ပြီး ရောင်းရင် ဘယ်လောက်ရမလဲလို့ မေးကြည့်ပါဦး"

သားဟာ သူ့အဖေရဲ့ အပြုအမူဟာ ထူးဆန်းတယ်လို့ စိတ်ထဲမှာ ခံစားမိပေမယ့် သေခါနီးဖြစ်နေတဲ့ အဖေရဲ့ ဆန္ဒကို မဖယ်ရှားချင်တာကြောင့် ပြတိုက်ကို သွားလိုက်တယ်။ မကြာခင်မှာ သူ့အဖေဆီ ပြန်ရောက်လာပြီး ဝမ်းသာအားရနဲ့ ခုလို ပြန်ပြောတယ်။

"ပြတိုက်မှူးက ဒေါ်လာ ၃ သိန်း ၇ သောင်း ၅ ထောင်ပေးမယ်လို့ ပြောပါတယ်။ နာရီဟာ အလွန်ရှားပါးတဲ့ ရှေးဟောင်းပစ္စည်းဖြစ်လို့ ဝယ်ပြီးရင် ပြတိုက်မှာ လူအများ ကြည့်ဖို့ ပြထားပေးမယ်တဲ့"

ဒီအခါမှာ အဖေက အခုလို ပြန်ပြောတယ်။ "တန်ဖိုးနားလည်တဲ့ နေရာမှာပဲ တန်ဖိုးအမှန်ကို သိလိမ့်မယ်။ တန်ဖိုးနားမလည်တဲ့နေရာမှာ အမှန် တန်ဖိုးကို မသိနိင်ဘူး။

တခါတလေ မင်းရဲ့တန်ဖိုးကို နားမလည်တာနဲ့ ကြုံရင် မင်း စိတ်ဆိုးဒေါသ ထွက်မယ်။ မကျေမနပ် ဖြစ်မယ်။ အဲဒါဆိုရင် မင်းဟာ တန်ဖိုးနားမလည်တဲ့ နေရာမှာရောက်နေသလားဆိုတာကို သတိထားပါ"

အဖေက ဆက်ပြောတယ်။ "မင်းရဲ့ဘဝတလျှောက် မှာ မင်းရဲ့တန်ဖိုး (အရည်အချင်း) တက်အောင် အမြဲ ကြိုးစားပါ။ ပြီးရင် တန်ဖိုးနားလည်တဲ့ ပတ်ဝန်းကျင်မှာ နေပါ။

မိမိရဲ့ တန်ဖိုးကို မိမိကိုယ်တိုင် နားမလည်ရင် တန်ဖိုးနားမလည်တဲ့ လူတွေရဲ့ ပြောစကားတွေကြောင့် ဈေးပေါပေါနဲ့ ရောင်းမိနိုင်တယ်။ မိမိရဲ့ တန်ဖိုးကို တခြားသူတွေ ဈေးဖြတ်တာကို ဘယ်တော့မှ မခံရစေနဲ့"

ဒီစကားကို ပြောပြီး ရက်အနည်းငယ် အကြာမှာ အဖေဟာ ကွယ်လွန်သွားတယ်။ သားက အဖေဆီက အဖိုးတန်တဲ့ အမွေတခုရလိုက်တယ်လို့ ခံယူလိုက်တယ်။ ဗန်းမော်သိန်းဖေ