တခါတုန်းက အိမ်တကာလှည့်ပြီး လက်ခစား အဝတ်ချုပ်တဲ့ အလုပ်ကို လုပ်တဲ့ အဝတ်ချုပ်သမားတယောက် ရှိတယ်။ တနေ့တော့ သူဟာ သူဌေးကြီးတဦးရဲ့ အိမ်မှာ ဝတ်စုံတစုံချုပ်ပေးဖို့ အလုပ်အပ်နှံခြင်း ခံရသတဲ့။

အဲဒါနဲ့ သူဌေးကြီးထံကနေ သူချုပ်ပေးရမယ့် အဝတ်စကို တောင်းယူပြီးတဲ့အခါ၊ ပြောင်လက်တောက်ပပြီး တန်ဖိုးကြီး ပေးရတဲ့ ကတ်ကြေးတလက်နဲ့ အဝတ်စကို လိုအပ်သလို ကိုက်ဖြတ်လိုက်တယ်။

ပြီးတာနဲ့ အဲဒီကတ်ကြေးကို သူခြေထောက်နားမှာ ချထားလိုက်တယ်တဲ့။ အဲဒီနောက်တော့ အပ်သေးသေးလေးနဲ့ အပ်ချည်ကြိုးအချို့ကို ထုတ်လိုက်ပြီး၊ ခုနက အပိုင်းပိုင်း ဖြတ်ထားတဲ့ အဝတ်စတွေကို စတင်ချုပ်လုပ်တော့သတဲ့။

အချိန်အတော်ကြာလို့ လှပသေသပ်တဲ့ ဝတ်စုံကို ချုပ်လုပ်ပြီးတဲ့အခါမှာတော့ သူဟာ အဝတ်ချုပ်တဲ့ အပ်လေးကို သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်မှာ တရိုတသေနဲ့ ပြန်ပြီး ထိုးထားလိုက်လေတယ်။

ဒီတော့ သူ့ရဲ့လုပ်ပုံကိုင်ပုံကို အစအဆုံး စောင့်ကြည့်နေတဲ့ သူဌေးကြီးက မနေနိုင်တော့ပဲ သူ့ကိုမေးတယ်။

"မိတ်ဆွေ တန်ဖိုးကြီးပြီး တောက်ပြောင်လှပတဲ့ ကတ်ကြေးကိုတော့ သင့်ခြေထောက်ရင်းမှာ ထားပြီး၊ ဘာမဟုတ်တဲ့ တန်ဖိုးနည်း အပ်လေးကိုတော့ ဘာဖြစ်လို့ သင့်ဦးခေါင်းထက်မှာ တရိုတသေ သိမ်းဆည်းရတာပါလဲ"

စက်ချုပ်သမားက သူဌေးကြီးကို ပြုံးပြလိုက်ပြီး ရှင်းပြတယ်။ "အရှင်သူဌေးမင်း ကတ်ကြေးဟာ တောက်ပြောင်လှပပြီး တန်ဖိုးကြီးပေးရတာ မှန်ပါတယ်။ ဒါပေမယ့် သူက အဝတ်စတွေကို အပိုင်းပိုင်း ကိုက်ဖြတ်တာပဲ လုပ်တယ်။

အပ်ကလေးကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ။ သူက အမြင် မလှမပနဲ့ တန်ဖိုးလည်း နည်းပေမယ့် အပိုင်းပိုင်း ဖြစ်နေတဲ့ အဝတ်စတွေကို ပေါင်းစီးပေးနိုင်ပြီး သေသပ်လှပတဲ့ ဝတ်စုံတစုံအဖြစ် ဖန်တီးပေးနိုင်တယ်။

ကျနော့်အတွက်တော့ အပ်ကလေးဟာ ကတ်ကြေးထက် ပိုပြီး အလေးအမြတ် ထားရမယ့် ပစ္စည်းတခု ဖြစ်ပါတယ် သူဌေးမင်း"

ပြီးတော့ အပ်ချုပ်သမားက ဆက်ပြောတယ်။ "ပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်တဲ့အခါ သူ့ကိုပေးချေရတဲ့ ငွေကြေးနဲ့ မပိုင်းဖြတ်ပါဘူး။ အဲဒီပစ္စည်းဟာ လောကကြီးအတွက် ဘယ်လောက်တောင် အသုံးဝင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး သတ်မှတ်ရပါတယ်" လို့ ပြောဆိုလိုက်ပါတယ်။

ကျနော်တို့တွေလည်း လောကအလယ် ရုန်းကန်လှုပ်ရှားရင်း ဘဝတွေကို ဖြတ်သန်းကြတဲ့အခါ လူနှစ်မျိုးနှစ်စား တွေ့နိုင်ပါတယ်။ ကတ်ကြေးလို လူမျိုးနဲ့ ချုပ်အပ်လေးလို လူမျိုးတွေပေါ့။

ဒါကြောင့် စည်းလုံးညီညွတ်မှုတွေကို ဖြိုခွဲဖျက်ဆီးနိုင်တဲ့၊ အရာရာကို ကိုက်ဖြတ်ပိုင်းစုတ်နိုင်တဲ့ ကတ်ကြေးလို လူမျိူးတွေကို သတိထားရှောင်းရှားပြီး

လောကလူ့ရွာအတွက် ကောင်ကျိုးပြုပြီး စည်းလုံးညီညွတ်မှုကို ဆောင်ရွက်နိုင်စွမ်းတဲ့ ချုပ်အပ်လေးလို လူမျိူးကို ပေါင်းသင်းဆက်ဆံ တန်ဖိုးထားသင့်ကြောင်းကို ဒီအကြောင်းအရာလေးက သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။ Crd