ကလေးက တအီအီငိုနေတဲ့အခါ မိဘတွေ စိတ်ရှုပ်ရမှာပါ။ ဒါပေမယ့် ကလေးတွေကတော့ နားမလည်နိုင်သေးပါဘူး။ ကလေးတွေက ဂျီကျတာက မိဘတွေဆီကနေ ဂရုစိုက်မှုကို လိုချင်တာကြောင့်လည်း ပြုလုပ်တတ်ပါတယ်။

အဲဒါကြောင့် ကလေးတွေကို အကြောင်းမရှိဘဲ တအီအီမငိုအောင်လို့ သင်ပေးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

တအီအီငိုတာကို ဂရုမစိုက်ဟန်ပြပါ။

ကလေးတွေက မိဘတွေဆီကနေ အာရုံစိုက်မှု လိုချင်လို့ တအီအီငိုနေတတ်ပါတယ်။ အကြောင်းမရှိဘဲ ငိုနေတာကို မိဘက ဂရုစိုက်မိတဲ့အခါ မကြာခဏ ဂျီကျနေတော့မှာပါ။

အဲဒါကြောင့် ဂျီပြတာကို မကြိုက်ကြောင်း၊ ဂရုစိုက်တာခံချင်တဲ့အခါ စကားလုံးတွေနဲ့ ပြောလို့ရကြောင်း ကလေးကို ရှင်းပြပေးနိုင်ပါတယ်။

ခံစားချက်တွေကို ဖော်ပြတတ်အောင် လမ်းဖွင့်ပေးပါ။

ကလေးတွေမှာလည်း စိတ်ခံစားချက်တွေ ရှိပါတယ်။ သူတို့စိတ်ထဲမှာ ရှိတဲ့အရာတွေကို အသံမျိုးစုံနဲ့ ဖော်ထုတ်ပြသတတ်ပါတယ်။

တစ်ခါတရံမှာ အဲဒီအသံတွေက မိဘတွေအတွက်တော့ စိတ်ရှုပ်စရာဖြစ်နေပါတယ်။ သင့်ကလေးက ဂျီကျပြီး အသံမျိုးစုံလုပ်ပြတဲ့အခါ အသံသွင်းပြီး ပြန်ဖွင့်ပြလိုက်ပါ။

အဲဒီအခါ ကလေးတွေက သူတို့ရဲ့အသံတွေကို ပြန်ကြားပြီး နောက်ထပ်မလုပ်တော့ပါဘူး။ ကလေးမှာ ခံစားချက်တွေရှိတဲ့အခါ စကားလုံးနဲ့ ဖော်ပြဖို့ လိုအပ်ကြောင်း လမ်းဖွင့်ပေးထားသင့်ပါတယ်။

ပုံမှန်အသံနဲ့ ပြောတဲ့အခါမှာ ချီးကျူးပေးပါ။

ကလေးတွေက သူတို့ကို ချီးကျူးပေးတာကို အရမ်းသဘောကျကြပါတယ်။ တအီအီမငိုဘဲ ကောင်းကောင်းမွန်မွန်ပြောတဲ့အခါ ကလေးကို ချီးကျူးပေးပါ။ အဲဒီအခါ ကလေးတွေက ချီးကျူးခံချင်တာကြောင့် ခဏခဏ မငိုတော့ဘဲ ကောင်းကောင်းမွန်မွန်ပဲ ပြောလာပါတယ်။

နောက်ဆက်တွဲဆိုးကျိုးရှိကြောင်း ပြောပြပါ။

အပြုအမူတိုင်းမှာ နောက်ဆက်တွဲ ကောင်းကျိုးဆိုးကျိုးတွေရှိကြောင်း ကလေးကို ရှင်းပြပါ။ ခဏခဏ ဂျီကျပြီးငိုနေတာက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်ကြောင်း ပြောပြပြီး နောက်ထပ် ထပ်မလုပ်စေဖို့ သတိပေးနိုင်ပါတယ်။

သတိပေးပြီးတဲ့နောက် ခဏခဏ ထပ်လုပ်တဲ့အခါ အပြစ်ပေးခံရနိုင်ကြောင်းကိုလည်း ပြောပြထားသင့်ပါတယ်။

စိတ်ရှည်ရှည်နဲ့ ရှင်းပြပါ။

အချို့သောကလေးတွေက ဘာဖြစ်လို့ ဖြစ်နေမှန်းမသိဘဲ အသံမျိုးစုံနဲ့ ဂျီကျနေတတ်ပါတယ်။ အဲဒီအခါ လူကြီးမိဘတွေအတွက် အခက်တွေ့စေမှာပါ။

ပင်ပန်းတဲ့အခါ၊ ဗိုက်ဆာတဲ့အခါ၊ အိပ်ချင်တဲ့အခါ၊ ပျင်းလာတဲ့အခါ အသံမျိုးစုံမလုပ်ဘဲ စကားလုံးတွေနဲ့ သေချာပြောဆိုနိုင်ကြောင်း ကလေးတွေကို စိတ်ရှည်ရှည်နဲ့ ပြောပြပေးနိုင်ပါတယ်။

Zombie (lovemedia)