တရက်မှာ ပန်းတိမ်ဆရာတယောက်ဟာ သေခါနီးဆဲဆဲမှာ သားဖြစ်သူကို အနားကို ခေါ်ပြီး ပြောခဲ့ပါတယ်။

"ဒီသေတ္တာကို ဖွင့်လိုက်ရင် အထဲမှာ ပုံစံတူ စိန်နားကပ် နှစ်ဘက် တွေ့လိမ့်မယ်။ တခုဟာ စိန်အစစ် ဖြစ်တယ်၊ နောက်တဘက်ကတော့ဖြင့် ပုလင်းကွဲနဲ့ လုပ်ထားတဲ့ စိန်နားကပ် အတုသာ ဖြစ်တယ်"

အဖေဖြစ်သူဟာ စိန်အတုနှင့် အစစ်ကို ပြသကာ သားကို ပြောတယ်။ "ဒီစိန်နားကပ် နှစ်ဘက်ဟာ မင်းအဖိုးက လက်ဆောင် ပေးခဲ့တာ ဖြစ်တယ်"

မကြာခင်မှာ အဖေဖြစ်သူ သေဆုံးသွားတော့ သားဖြစ်သူဟာ စိန်နားကပ် နှစ်ဘက်ကို ယူကာ ဘုရင်ထံကို ရောက်သွားတယ်။ ဘုရင်ကို ပြောတယ်။

"ဘုရင်ကြီးခင်ဗျာ ဒီစိန်နားကပ် နှစ်ဘက် အနက်မှ တခုဟာ စိန်အစစ် ဖြစ်ပြီး တခုဟာ အတု ဖြစ်ပါတယ်။ ဘုရင်ကြီးရဲ့ နိုင်ငံက ဘယ်သူမဆို အတုနဲ့ အစစ်ကို ခွဲခြားနိုင်ရင် အစစ်ကို အပိုင်ပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ မခွဲနိုင်ရင်တော့ စိန်အစစ်ရဲ့ တန်ကြေးကို ပေးရမှာ ဖြစ်ပါတယ်"

ဘုရင်ကလည်း သဘောတူလိုက်ပြီး နိုင်ငံမှာ ရှိနေတဲ့ ပညာရှင်များကို ကြည့်ခိုင်းပေမယ့် တယောက်မှ အတု အစစ်ကို မခွဲနိုင်ကြပါဘူး။ နောက်ဆုံးမှာတော့ စိန်အစစ်ရဲ့ တန်ကြေးကိုသာ ပေးလိုက်ကြရတယ်။

စိန်ပိုင်ရှင်ဟာ ဒီလိုနဲ့ တနိုင်ငံပြီး တနိုင်ငံ လှည့်လည်စိန်ခေါ်ပြီး စိန်ကို မပေးလိုက်ရပါပဲနဲ့ ပိုက်ဆံတွေ အများကြီးရယူကာ မိမိနေရပ်သို့ ပြန်လာစဉ် တနေရာ အရောက်မှာ နန်းတော်ငယ်လေး တခု တွေ့လိုက်တယ်။

ဘုရင်ဟာ ကွင်းပြင်ကြီးမှာ နန်းတော်အသေးလေး ဆောက်ထားတာ ဖြစ်ပြီး ၎င်းဘုရင်ကိုလည်း ယခင်နည်းတူ စိန်ခေါ်ပါတယ်။ ဘုရင်က သူ့နန်းတော်မှာ ရှိတဲ့ ပညာရှင်များကို ကြည့်ခိုင်းတယ်။ သူတို့လည်း အတုနဲ့အစစ်ကို မခွဲခြားနိုင်ကြဘူး။

နောက်ဆုံးမှာတော့ မျက်မမြင် အဖိုးတယောက်ဟာ ကျနော့်ကို အတု အစစ် ခွဲခြားဖို့ အခွင့်အရေးပေးပါ ဆိုတော့ ဘုရင်က ခွင့်ပြုလိုက်တယ်။ မျက်မမြင် အဖိုးအိုက စိန်နားကပ်ကို လက်နဲ့ကိုင်ပြီး ပြောတယ်။ "ဒါဟာ အတု ဖြစ်တယ်။ ဒါဟာ အစစ် ဖြစ်တယ်"

ပိုင်ရှင်က တအံ့တသြဖြင့် "အဖိုးပြောတာ မှန်ပါတယ်။ ဒါပေမယ့် အတုနဲ့ အစစ် ဘယ်လိုခွဲလဲ သိလိုပါတယ်" ပြောတော့ အဖိုးက ပြောပါတယ်။

"ငါတို့အားလုံး နေပူထဲမှာ ရှိနေသလို ဒီစိန်နားကပ် နှစ်ဘက်ဟာလည်းပဲ နေပူထဲမှာပဲ။ ဒါပေမယ့် စိန်အစစ်ဟာ နေဘယ်လောက်ပူပူ မပူပဲ အေးမြဲ အေးနေတတ်ပြီးတော့ ပုလင်းကွဲဟာ နေဒဏ်ကို မခံနိုင်ပါပဲ ပူလာတယ်" လို့ ရှင်းပြလိုက်ပါတယ်။

ဒီလိုပါပဲ။ လူတယောက်အနေနဲ့ ထစ်ခနဲ ရှိဒေါသ ထွက်တယ်၊ စိတ်ဆိုးတယ် ဆိုရင် သူဟာ စိန်အစစ် မဟုတ်ပါဘူး။ သူဟာ ပုလင်းကွဲသာ ဖြစ်ပါမယ်။ Crd