ဟိုးရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဉ့်ဖမ်း ထွက်ကြတော့ သူတို့ရဲ့လှေက သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဉ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။

ဒါပေမယ့် တံငါတဦးရဲ့ လှေအပြင်အဆင်တွေက တခြား တံငါသည်တွေရဲ့ လှေနဲ့ တူတယ် ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဉ့်တွေက ကမ်းကပ်တဲ့ အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ်။

ဒါကြောင့် သူ့ငါးရှဉ့်အရှင်တွေက တခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ် ထောက်လာတာကြောင့် ငါးဖမ်း မထွက်ခဲ့တော့ဘူး။

ဒါပေမယ့် သားကို ငါးရှဉ့်ဖမ်းတဲ့ လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။ အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတချို့ ထည့်ထားပြီး ဖမ်းရတဲ့ ငါးရှဉ့်ကို ငါးခူနဲ့ အတူ ရောထည့်ထားလိုက်တယ်။

ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ် ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဉ့်က မဖြစ်မနေ ပြန်ခုခံရတယ်။

ငါးရှဉ့်ရဲ့ "အသက်ရှင်ရေး" ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှု အောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာ ဖြစ်တယ်။

တံငါသည်က ဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင် သေရတဲ့ ငါးရှဉ့်တွေက "သူတို့ကို ဖမ်းမိသွားပြီ ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူး" ဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့

သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က အလွယ်တကူ ပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာ ဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီး ပြည့်စုံလာမယ့် အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီး ကြီးပြင်းလို့ နားလည်မှု အသင့်တင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ ရှိကြတယ်။

ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ခဲ့တယ်။ နိုင်းနိုင်းစနေ