ကျနော့်အိမ်ဘေးတွင် ခွေးတသင်းသည် မနက်တိုင်း ကျနော် ခြံတံခါးဖွင့်လျှင် ခေါင်းထောင် ကြည့်တတ်သည်။ ကျနော် လမ်းလျှောက်ထွက်လျှင် ခွေးတကောင်က လမ်းထိပ်အထိ လိုက်လာတတ်သည်။ လမ်းထိပ်ရောက်လျှင် ပြန်လှည့်သွားသည်။ သူ့နယ်ကို သူမကျော်။ ဟိုမှာဘက်တွင်ရှိသော ခွေးတအုပ်ကို သူရင်မဆိုင်။

လူတွေကို မကျေနပ်လျှင် ခွေးနှင့်နှိုင်းကာ ဆိုကြသည်။ သို့သော် ခွေးဆိုသည့် သတ္တဝါသည် သူ့ကိုကျွေးဖူးသော သူအပေါ်တွင် အလွန် သစ္စာစောင့်သိ ရိုသေသည်။ ထို့ကြောင့်လည်း ခွေးဖြစ်နေခြင်း ဖြစ်သည်။

ကျွန်တော်က ထိုခွေးတွေကို အမြဲကျွေးဖူးသည်မဟုတ်။ တခါတရံမှသာ အီကြာကွေးလေးဝယ်လာ၊ ပေါင်မုန့်လေးဝယ်လာ ချကျွေးသည်။ သို့သော် သူတို့ကို ကျွေးဖူးသူ ဖြစ်သောကြောင့် ဟောင်ခြင်းမရှိ။ လူတွေ့လျှင် အမြီးလေးနှန့်ကာ နောက်က လိုက်လာတတ်သည်။

ကျွန်တော့်အိမ်အနီးတွင် အိမ်မွေးခွေးတကောင် ရှိသည်။ ထိုအိမ်ရှင်က သူ့ခွေးကို စိတ်မတွေ့လျှင် တုတ်နှင့် ရိုက်တတ်သည်။ သူ့ကို မည်မျှပင် ရိုက်သည်ဆိုစေ ခွေးသည် ခွေးဖြစ်သည်။ သခင်ကို လာလျှင် ထွက်ကြိုသည်။ သခင်နှင့်တွေ့လျှင် အမြီးနှန့်သည်။ သို့သော် သူစိမ်းကိုမြင်လျှင်ကား ခြံထဲမှဟောင်သည်။

ခွေးနှင့်မျောက်ကား ဆန့်ကျင်ဘက်ဖြစ်သည်။ မျောက်က လူနှင့်နီးစပ်သဖြင့် အသိဉာဏ်က လူကဲ့သို့ပင် ဖြစ်မည်ထင်သည်။ ကျွန်တော် ဖတ်ဖူးသော မျောက်ပုံပြင်လေးတပုဒ်ကို သတိရမိသည်။ ၁၄ ရာစုခေတ်က ပုံပြင်လေးတပုဒ်ရှိသည်။ ထိုပုံပြင်သည် တရုပ်ပုံပြင်လေးဖြစ်ပြီး ရေးသားသူမှာ လုကျီဟု သိရသည်။

ရှေးက ချူပြည်တွင် အဘိုးအိုတဦးရှိသည်။ ထိုအဘိုးအိုသည် မျောက်များကို မွေးပြီး ထိုမျောက်တွေကို ခိုင်းစားကာ ရှင်သန်ရပ်တည်နေသူတဦး ဖြစ်သည်။ ချူပြည်နယ်က လူအများက သူ့ကို မျောက်မွေး သောကြောင့် "မျောက်သခင်" ဟု ခေါ်ကြသည်။

ထိုအဘိုးအိုသည် နံနက်တိုင်း သူ့အိမ်ရှေ့ဝင်းတွင် မျောက်များကို စုဝေးစေသည်။ ထို့နောက် သူက မျောက် ခေါင်းဆောင်ကို "ဟဲ့ မျောက်ခေါင်းဆောင် သင်ကဦးဆောင်ကာ မျောက်တွေကို တောင်ပေါ်ကို ခေါ်သွားလော့။ တောင်ပေါ်တွင် ပေါက်နေသော အပင်များမှ သစ်သီးများကို ခူးစေလော့" ဟု အမိန့်ပေးလေသည်။

မျောက်သခင်က မျောက်အပေါင်းကို အမိန့်ထုတ်ထားသည်မှာ ရရှိလာသော သစ်သီးများထဲမှ ဆယ်ပုံ တပုံကို သူ့အား ပြန်ပေးရမည်ဟူ၍ ဖြစ်သည်။ ပြန်လာပြီး သစ်သီးများ ပေးရန် ပျက်ကွက်သည့် မျောက်ကို အဘိုးအိုသည် ကြိမ်ဖြင့် ပြင်းထန်စွာ ရိုက်ကာ အပြစ်ပေးလေ့ ရှိလေသည်။

မျောက်အပေါင်းတို့သည် ပင်ပန်းစွာ ရှာဖွေလာပြီး မာစတာကြီးကို ဆယ်ပုံတပုံ ပေးအပ်နေရခြင်းကိုလည်းကောင်း၊ မပေးနိုင်လျှင် ပြင်းထန်စွာ ရိုက်နှက်ဒဏ်ပေးခြင်းကို လည်းကောင်း မကျေနပ်သော်လည်း အစဉ်အလာလို ဖြစ်နေသောကြောင့် အဘိုးအိုအား ခွန်းတုံ့ပြန်ခြင်း မရှိကြပေ။

တနေ့တွင် မျောက်ငယ်လေးတကောင်က အခြားမျောက်များကို ပြောလေသည်

"အကိုတို့ တောင်ပေါ်က သစ်သီးပင်တွေကို အဘိုးအို စိုက်ထားပါသလော"

"မစိုက်ထားပါညီငယ် သူ့သဘာဝအတိုင်း ပေါက်နေကြခြင်းသာ ဖြစ်ပါသည်"

"သဘာဝအတိုင်း ပေါက်နေသည့် အပင်တွေမှ အသီးတွေကို ခူးစားရန်အတွက် အဘိုးအိုထံက ခွင့်ပြုချက်တွေကို ရယူတောင်းခံနေရန် လိုသလော"

"ညီငယ် တို့အားလုံးသည် သူ့ခွင့်ပြုချက်ဖြင့်သာ ထိုအပင်မှ အသီးများကို ခူးခွင့်ရှိပေသည်"

မျောက်ငယ်က မေးပြန်သည် "အကိုတို့ ကျွန်တော်တို့သည် အဘယ်ကြောင့် အဘိုးအိုထံက ခွင့်ပြုချက်များ တောင်းခံနေရသနည်း။ အဘယ်ကြောင့် ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ်ရပ်တည်ကာ မနေနိုင်ကြသနည်း။ အဘယ်ကြောင့် သူ့ကို ကျွန်တော်တို့ ရထားသည့်အထဲမှ ခွဲဝေပေးနေရမည်နည်း"

မျောက်ငယ်လေး၏ ထိုမေးခွန်းသည် မျောက်အပေါင်းကို တုန်လှုပ်သွားစေသည်။ "ငါတို့ အဘယ်ကြောင့် သင့်လို တလျှောက်လုံး မတွေးခဲ့ကြသနည်း" မျိုးဆက်ဟောင်း မျောက်အပေါင်းသည် မျိုးဆက်သစ် မျောက်လေးတကောင်၏ မေးခွန်းတွင် ဉာဏ်အလင်းတခု ဖြစ်သွားသည်။

"ငါတို့ အဘယ်ကြောင့် ပင်ပန်းစွာ ရှာဖွေထားသည့်အထဲက ဝေစုတွေကို အဘိုးအိုအား ခွဲဝေပေးနေကြရ သနည်း"

ထိုညတွင် မျောက်အပေါင်းသည် အဘိုးအို အိပ်ချိန်ကို စောင့်နေသည်။ မျောက်တို့သည် သူတို့အား လှောင်ပိတ်ထားသည့် လှောင်အိမ်များကို ရိုက်ချိုးဖျက်ဆီး လိုက်ကြသည်။ ထို့နောက် အဘိုးအိုက သူတို့ထံမှ မတရား ရယူထားသည့် သစ်သီးတွေကို သိုလှောင်ထားသည့် နေရာအား ရိုက်ဖျက်ကာ ပြန်လည်သိမ်းပိုက် လိုက်ကြသည်။

မျောက်အပေါင်းသည် သူတို့ရှာဖွေထားသည်တို့ကို စုဆောင်းသိမ်းပိုက်ပြီး တောထဲကို ဝင်သွားကြသည်။ သူတို့သည် အဘိုးအိုထံသို့ ဘယ်တော့မှ ပြန်မလာတော့ပေ။ အဘိုးအိုသည် စားရမဲ့ သောက်ရမဲ့ဘဝ ရောက်ကာ နောက်ဆုံးတွင် ငတ်ပြတ်ပြီး သေလေတော့သည်။ (Ref: Monkey Master) တင်ညွန့်