မိဘအများစုက ကလေးတွေကို ကျောင်းစာမှာပဲ ထူးချွန်ဖို့ အာရုံစိုက်ကြပါတယ်။ မိဘတွေက ကလေးတွေအပေါ်မှာ မျှော်လင့်ချက်တွေလည်း အများကြီး ထားကြပါတယ်။

တကယ်တော့ ကျောင်းစာမှာ ထူးချွန်ဖို့အပြင် လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့၊ ကိုယ်ချင်းစာတတ်သူဖြစ်ဖို့၊ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်တတ်ဖို့တို့ကလည်း မဖြစ်မနေ သင်ကြားပေးရမယ့်အရာပါ။

အဲဒါကြောင့် ကလေးတွေကို အနာဂတ်မှာ ရင့်ကျက်ပြီး အောင်မြင်သူတစ်ယောက်ဖြစ်စေဖို့ လမ်းညွှန်ပေးနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကလေးရဲ့ကြိုးစားအားထုတ်မှု

ဘဝမှာ အနိမ့်အမြင်အတက်အကျတွေကို အများကြီး တွေ့ကြုံရမှာပါ။ အနိမ့်အမြင့်အတက်အကျတွေကို ခံနိုင်ရည်ရှိစေဖို့ မိဘတွေအနေနဲ့ ကလေးတွေကို စိတ်ဓာတ်သန်မာအောင် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

ကလေးတွေကို အောင်မြင်မှ မချီးကျူးဘဲ ကြိုးစားအားထုတ်မှုရှိတာကို ချီးကျူးပေးသင့်ပါတယ်။ ကျရှုံးမှုတွေနဲ့ ကြုံတွေ့လာရင်တောင် အပြစ်မဆိုဘဲ သင်ခန်းစာယူတတ်ဖို့၊ မတူညီတဲ့အမြင်တွေနဲ့ မြင်တတ်ဖို့ လမ်းကြောင်းပေးနိုင်ပါတယ်။

၂။ ကိုယ်ချင်းစာစိတ်

တစ်ခါတရံမှာ စိတ်ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲနေတတ်ပါတယ်။ ကလေးတွေကို မိမိခံစားချက်တွေ ဖော်ပြတတ်အောင် သင်ပေးသင့်သလို အခြားသူတွေရဲ့ခံစားချက်တွေကိုလည်း စာနာတတ်အောင် သင်ကြားပေးသင့်ပါတယ်။

စိတ်ခံစားချက်တွေက လှောင်ပြောင်စရာမဟုတ်ဘဲ စာနာနားလည်မှုပေးနိုင်ဖို့ကသာ အဓိကပါ။ နောက်ပိုင်းမှာတော့ သင့်ကလေးက စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူဖြစ်လာပြီး အခြားသူတွေနဲ့ ဆက်ဆံရေးပိုကောင်းလာမှာပါ။

၃။ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှု

ကလေးတွေကို ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်တတ်စေဖို့လေ့ကျင့်ပေးနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ လေ့လာချက်တွေအရ စိတ်ရှည်ရှည်ထားတတ်တဲ့ကလေးက အနာဂတ်မှာ ပိုပြီးအောင်မြင်တာကို တွေ့ရပါတယ်။

ကလေးတွေကို ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်တတ်အောင်လို့ သူတို့အတွက် တန်ဖိုးရှိတဲ့အရာကို တကယ်လိုချင်တာမှန်ရင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခိုင်းပါ။ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ဘဲ ဖြတ်လမ်းနည်းနဲ့မမှန်မကန် ရယူတာက အရှုံးတွေကို ရရှိစေမှာပါ။

၄။ စူးစမ်းချင်စိတ်

ကလေးတွေက အရမ်းကို စူးစမ်းချင်စိတ်များပြီး အသစ်အသစ်တွေကို လေ့လာချင်ပါတယ်။ စိတ်ဝင်စားတဲ့အရာကို လေ့လာတဲ့အခါ အလိုလိုလွယ်ကူနေမှာပါ။ ကလေးတွေက စူးစမ်းချင်စိတ်ကြောင့် မိဘတွေကို မေးခွန်းတွေ အများကြီးမေးတတ်ကြပါတယ်။

ကလေးတွေမေးတဲ့အရာတွေကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ လေ့လာလို့ရမယ့်နေရာတွေ လမ်းညွှန်ပေးတာ၊ ကူညီရှာဖွေပေးတာတွေက ကြိုးစားချင်စိတ်တွေကို ပိုမိုဖြစ်ပေါ်လာစေမှာပါ။

၅။ ဇွဲလုံ့လ

ကလေးအရွယ်မှာကတည်းက ဇွဲလုံ့လထားတတ်ဖို့ ပျိုးထောင်ပေးနိုင်ပါတယ်။ ဘယ်အရာကိုမှ အလွယ်တကူလက်မလျှော့ဘဲ ဇွဲသန်သန်နဲ့ ကြိုးစားတဲ့စိတ်က အနာဂတ်မှာ အောင်မြင်မှုတွေနဲ့ ကြုံတွေ့လာစေမှာပါ။

သေးငယ်တဲ့အရာကနေ ကြီးမားတဲ့အရာအထိ တစ်ဆင့်ချင်းဆီ ဇွဲရှိရှိနဲ့ လုပ်ဆောင်တတ်စေဖို့ လေ့ကျင့်ပေးပါ။ ဥမာအားဖြင့် တစ်နေ့ကို စာ ၅ မျက်နှာဖတ်ပြီး စာကနေ သိလာတဲ့အသိတွေကို ပြန်ပြောပြခိုင်းတာ စတဲ့နည်းနဲ့ ဇွဲရှိလာအောင် သင်ကြားပေးနိုင်ပါတယ်။

၆။ အကောင်းမြင်စိတ်

အကောင်းမြင်စိတ်က အခက်အခဲတွေကို ကျော်လွှားနိုင်ပါတယ်။ အကောင်းမြင်စိတ်ရှိသူက ပြဿနာဖြေရှင်းတဲ့အခါ ပိုပြီးလွယ်ကူပါတယ်။ ကလေးတွေမှာ အကောင်းမြင်စိတ်ရှိလာစေဖို့အတွက် လက်ဦးဆရာကတော့ မိဘပါပဲ။

Zombie (lovemedia)