တိရစ္ဆာန်လေးတွေသာ စကားပြောတတ်လို့ ဆန္ဒတွေကို ပြောခွင့်ရမယ်ဆိုရင် သူတို့အဖြစ်ချင်ဆုံးဆန္ဒက ကောင်းမွန်တဲ့ပိုင်ရှင်ဆီမှာ နွေးထွေးလုံခြုံစွာ နေခွင့်ရဖို့ပဲ ဖြစ်မှာပါ။

အိမ်မွေးတိရစ္ဆာန်လေးတွေက လူသားတွေရဲ့အပြုအစု အယုအယကို အရမ်းသဘောကျပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က များစွာသော အိမ်မွေးတိရစ္ဆာန်လေးတွေက နေ့စဉ်စွန့်ပစ်ခံနေရပါတယ်။


Vali ဆိုတဲ့ အနက်နဲ့ အဖြူရောင်ရှိတဲ့ကြောင်လေးဟာ အသက် ၁၀ နှစ်အရွယ်ရှိပါပြီ။ Vali က နယူးဂျာဆီက ကြောင်စောင့်ရှောက်ရေးဂေဟာကို စတင်ရောက်ရှိလာခဲ့ပါတယ်။

ကြောင်မလေးရဲ့ သခင်တွေက အသက်အရွယ်အိုမင်းလာပြီး ကြောင်လေးကို ဆက်လက်စောင့်ရှောက်ဖို့ အဆင်မပြေတော့တာကြောင့် Vali ကို စွန့်ပစ်လိုက်ပါတယ်။


Vali က အသက် ၁၀ နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် အသက်အရွယ်ကြီးနေတဲ့ ကြောင်ကြီးဘဝကို ရောက်နေပါပြီ။ အသက်ကြီးတဲ့ကြောင်တွေအနေနဲ့ ကြောင်ဂေဟာမှာ နေထိုင်ဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် ကြောင်ဂေဟာက ကြောင်လေး Valiကို လက်ခံထားခဲ့ပါတယ်။

ကြောင်လေးကို မွေးစားဖို့ပိုင်ရှင်ကို နေ့စဉ်စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် အသက်အရွယ်အိုမင်းနေတဲ့ ကြောင်လေးကို ဘယ်သူကမှ စိတ်မဝင်စားခဲ့ပါဘူး။ တစ်လပြီးတစ်လ စောင့်နေပေမယ့်လည်း မွေးစားမယ့်သူက ပေါ်မလာခဲ့ပါဘူး။


ကြောင်လေးက လူသားတွေကို လူတွေကို အရမ်းခင်တွယ်ပါတယ်။ လူသားတွေကို တွေ့ရင် ပွေ့ဖက်နေတတ်ပါတယ်။ အခြားသော ကြောင်လေးတွေနဲ့ အဆင်ပြေပါတယ်။

တစ်နေ့မှာ သူ့ကိုမွေးစားမယ့်ပိုင်ရှင်ရှိလာမယ်ဆိုတဲ့‌ မျှော်လင့်ချက်ကလည်း ကြောင်လေး Vali ရဲ့မျက်လုံးထဲမှာ အထင်းသားပါပဲ။ ဘေးနားက ဖြတ်သွားတဲ့သူတွေကို မွေးစားမယ့်သူ ပေါ်လာမလားဆိုပြီး ကြောင်လေးက သူ့ရဲ့လှောင်အိမ်ထဲကနေ လက်ဝှေ့ယမ်းပြီး နှုတ်ဆက်တတ်ပါတယ်။

အဲဒီဗွီဒီယိုလေးကို ကြောင်ဂေဟာက ဆိုရှယ်မီဒီယာမှာ တင်လိုက်တဲ့အခါ လူအများရဲ့အာရုံစိုက်မှု၊ ချစ်ခင်မှုတွေကို ရရှိသွားပါတယ်။


အဲဒီဗွီဒီယိုကနေတစ်ဆင့် ကြောင်ကလေး Vali ကို မွေးစားမယ့်သခင် ပေါ်လာခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်က ဗွီဒီယိုလေးကို မြင်ပြီးနောက် ကြောင်လေးကို လာတွေ့ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကြောင်လေး Vali က သူ့ကိုစောင့်ရှောက်ပေးမယ့် ပိုင်ရှင်အသစ်ကို တွေ့သွားခဲ့ပါတယ်။ အခုတော့ ကြောင်လေးက သူ့ရဲသခင်အသစ်နဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေပါပြီ။

Zombie (lovemedia)