ကလေးဘဝမှာ ကြုံတွေ့ရတဲ့အချို့သောအခက်အခဲတွေက အသက်ကြီးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အရွယ်ရောက်လာတဲ့အခါ အခက်အခဲတွေ၊ ဖိအားတွေက မလွဲမသွေကြုံတွေ့လာရမှာပါ။

ကလေးတွေကို ဖိအားကို ခံနိုင်ရည်ရှိသူအဖြစ် ပြုစုပျိုးထောင်တဲ့အခါ မပြောသင့်တဲ့ စကားလုံးအချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ "အဆင်ပြေမှာပါ"

"အဆင်ပြေသွားမှာပါ"လို့ပြောလိုက်တာက ကလေးအတွက်တော့ ခဏတာ စိတ်သက်သာရာ ရစေမှာပါ။ ကလေးက ချော်လဲကျသွားပြီး ဒူးမှာ အနာတရသွားတဲ့အခါ ငိုနေပါလိမ့်မယ်။ အဲဒီအချိန်မှာ "အဆင်ပြေသွားလိမ့်မယ်" လို့ပြောတာက သူတို့အတွက် နားရှုပ်စရာဖြစ်နေပါလိမ့်မယ်။

ကလေးရဲ့ခံစားချက်ကို ကိုယ်ချင်းစာပေးပြီး "သား နာနေတာသိတယ်။ ဘာမှမဖြစ်ဘူးနော်" လို့ အားပေးလိုက်တာက နောက်တစ်ကြိမ်ပြန်လဲကျရင်တောင် အဆင်ပြေသွားနိုင်တယ်ဆိုတဲ့ အားအင်တွေ ရရှိသွားစေပါတယ်။

၂။ "အေးဆေးပါ"

ကလေးတွေရဲ့ဘဝမှာလည်း စိန်ခေါ်မှုတွေ ရှိပါတယ်။ စိန်ခေါ်မှုတွေ ရှိတဲ့အခါ "လုပ်နိုင်ပါတယ်" လို့အားပေးမယ့်အစား "ခက်ခဲတာသိတယ်။ ဒါပေမယ့် သား လုပ်နိုင်တယ်" လို့ ပြောပေးတာက ကလေးရဲ့လုပ်နိုင်စွမ်းကို ပိုမိုတိုးတက်လာစေပါတယ်။

၃။ "စိတ်တိုအောင် လာလုပ်နေတယ်"

ကလေးတွေရဲ့အပြုအမူက အခြားသူတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ကလေးတွေ နားလည်ဖို့ အရေးကြီးကြောင်း စိတ်ပညာရှင်တွေက ဆိုပါတယ်။

"ငါ့ကို ဒေါသထွက်အောင် လုပ်နေတယ်" လို့ ပြောလိုက်တာက သူ့ရဲ့ ဘယ်အပြုအမူကြောင့် မိဘတွေဒေါသထွက်သွားလဲဆိုတာ ကလေးတွေ နားမလည်နိုင်သေးပါဘူး။

အဲဒါကြောင့် ကလေးရဲ့အပြုအမူက တစ်ဖက်သားအပေါ် ဘယ်လိုခံစားချက်ဖြစ်သွားစေလဲဆိုတာပြောပြပြီး ဆုံးမပေးနိုင်ပါတယ်။

၄။ "လုပ်နေရတဲ့အလုပ်ကို မုန်းလာပြီ"

မိဘတွေက အလုပ်ကို မုန်းကြောင်း အမြဲတမ်းဖော်ပြနေတဲ့အခါ ကလေးမှာလည်း အရွယ်ရောက်လာရင် အလုပ်မုန်းတဲ့စိတ်တွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။

အလုပ်နဲ့ပတ်သက်ပြီး မုန်းကြောင်း၊ အဆင်မပြေကြောင်း၊ လက်လျှော့ချင်ကြောင်းကို ကလေးတွေရှေ့မှာ မဖော်ပြသင့်ပါဘူး။

၅။ "သမီးအတွက် ဒါက အရမ်းခက်ခဲနေတယ်"

ကလေးတွေကို "ဒါက အရမ်းခက်နေလို့ မလုပ်နဲ့တော့" လို့ ဘယ်တော့မှ မပြောသင့်ပါဘူး။ ကလေးဘဝမှာကတည်းက အခက်အခဲတွေကို ဖြေရှင်းလိုစိတ်ကို ထည်သွင်းပေးထားသင့်ပါတယ်။

ကလေးတွေကို ခက်ခဲပင်ပန်းမှာစိုးတာကြောင့် တားဆီးတာက အရွယ်ရောက်တဲ့အချိန်မှာ ဆုံးဖြတ်ချက်ချတဲ့အခါ တွေဝေသွားစေပါတယ်။

၆။ "ဘာတွေ ဖြစ်နေကြတာလဲ"

ကလေးတွေကို ဘာတွေဖြစ်နေကြတာလဲလို့ မကြာခဏမေးတာက သူတို့အတွက် ပုံမှန်မဟုတ်တဲ့အခြေအနေလို့ ထင်သွားစေပါတယ်။ ကလေးတွေရဲ့ အပြုအမူတစ်ခုချင်းစီပေါ်မူတည်ပြီး စိတ်တိုင်းမကျတဲ့အချက်တွေ၊ ပြင်ဆင်စေချင်တဲ့အချက်တွေကို စိတ်ရှည်လက်ရှည်ရှင်းပြပေးသင့်ပါတယ်။

၇။ "ဘာမှ ကြောက်စရာမရှိပါဘူး"

ကလေးအရွယ်မှာ သရဲတွေကို စိတ်ကူးပုံဖော်ပြီး တွေးကြောက်နေတတ်ပါတယ်။ ဒါပေမယ့် ဘာမှကြောက်စရာမရှိဘူးလို့ ပြောတာထက် ကလေးရဲ့ခံစားချက်ကို နားလည်ပြီး ကြောက်နေမှန်းသိကြောင်း၊ အမေရှိတဲ့အတွက် စိတ်ချရကြောင်း ပြောလိုက်တာက ကြောက်စိတ်တွေကို တစ်ခါတည်း ဖယ်ရှားပြီးသား ဖြစ်စေမှာပါ။

၈။ "အရမ်းကို..."

ကလေးတွေကို "အရမ်းဆိုးတာပဲ၊ တအားကို ညံ့တယ်" စတဲ့စကားလုံးတွေနဲ့ ပြောတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေပါတယ်။ အပြစ်တင်တဲ့စကားလုံးထက် ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးပြီး အားပေးတာက ပိုပြီးထိရောက်စေမှာပါ။

Zombie (lovemedia)