ကိုယ်ဝန်ဆောင်ချိန်ဟာ မေမေတို့အတွက် ရင်အခုန်ရဆုံးအချိန်ပါ။ မွေးလာမယ့်ကလေးတွေအတွက် အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို မေမေတွေက စတင်စုဆောင်းလေ့ရှိကြပါတယ်။ အဲဒါတွေအပြင် ကလေးမမွေးဖွားခင်မှာ မိခင်တိုင်း လေ့လာထားသင့်တဲ့အရာ (၈) ခု ရှိပါသေးတယ်။

၁။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေက သားဖွားမီးယပ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို စတင်လေ့လာထားသင့်ပါပြီ။ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသတာက မိခင်အတွက်လည်း ကောင်းသလို ကလေးရဲ့ကျန်းမာရေးအတွက်လည်း အကျိုးရှိစေမှာပါ။

လိုအပ်တဲ့ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေက သားဖွားမီးယပ်ဆရာဝန်က ကောင်းစွာ လမ်းညွှန်ပေးနိုင်ပါတယ်။

၂။ မိသားစုအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရောဂါတွေအကြောင်း

ကလေးကို မွေးဖွားတော့မယ်ဆိုရင် အဖေနဲ့ အမေမျိုးရိုးတွေဘက်က ဖြစ်ပေါ်ခဲ့ဖူးတဲ့ရောဂါတွေအကြောင်းကို လေ့လာထားသင့်ပါတယ်။

မျိုးရိုးဗီဇနဲ့သက်ဆိုင်တဲ့ရောဂါ၊ ချို့တဲ့အားနည်းချက်တ၊ ဖြစ်လေ့ရှိတဲ့ရောဂါတွေအကြောင်းကို မိဘနှစ်ပါးလုံးက ကြိုတင်သိရှိထားသင့်ပါတယ်။ ကြိုတင်သိထားတဲ့အခါ ဖြစ်လာမယ့်ပြဿနာတွေကို စောစောစီးစီးအဖြေရှာနိုင်မှာပါ။

၃။ စားသင့်တဲ့အစားအစာ၊ မစားသင့်တဲ့အစားအစာ

ကိုယ်ဝန်ဆောင်မိခင်အာဟာရပြည့်မှ ကလေးလည်း ကျန်းမာမှာပါ။ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ပရိုတိန်းတို့က ကိုယ်ဝန်ဆောင်မိခင်အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေပါ။

အသားအစိမ်း၊ မကျက်တဲ့အစားအစသာ၊ ကလီစာစတဲ့အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရမမျှတတာ၊ စားသောက်မှုပုံစံလွဲမှဦးတာကြောင့် ဆီးချိုရောဂါနဲ့ မွေးလာမယ့်ကလေးမှာလည်း ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာစေမှာပါ။

၄။ လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်လျော်တဲ့လေ့ကျင့်ခန်းတွေ ရှိပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပေးတဲ့အခါ မွေးဖွားရတာ လွယ်ကူစေမှာပါ။

ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ်မှာ နေထိုင်ရခက်ခဲတာတွေကို လေ့ကျင့်ခန်းလုပ်တာက သက်သာသွားစေမှာပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာလည်း ရေများများသောက်ပေးသင့်ပါတယ်။

၅။ အိပ်စက်တဲ့အခါ အဆင်အပြေဆုံးပုံစံ

ပင်ပန်းနွမ်းနယ်တာက ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ပြဿနာပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်ဘက်ကို စောင်းပြီးအိပ်တာက အန္တရာယ်အကင်းဆုံးလို့ ဆရာဝန်တွေက လမ်းညွှန်ပါတယ်။ ညာဘက်ကို စောင်းအိပ်တာက အိပ်တဲ့အခါ သက်တောင့်သက်သာမရှိပါဘူး။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ခေါင်းအုံးက အိပ်စက်တဲ့အခါ အဆင်ပြေစေမှာပါ။

၆။ ယောဂလေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆောင်မိခင်တွေက စိတ်ခံစားလွယ်ပြီး စိတ်ဖိစီးမှုတွေလည်း ခံစားရပါတယ်။ မပင်ပန်းတဲ့ယောဂလေ့ကျင့်ခန်းတွေက မိခင်လောင်းတွေအတွက် စိတ်ဖိစီးမှုတွေ လျော့နည်းစေမှာပါ။

ယောဂလေ့ကျင့်ခန်းပြုလုပ်တာက ကလေးမွေးဖွားတဲ့အခါမှာလည်း အဆင်ပြေစေပါတယ်။

၇။ အပြောင်းအလဲဖြစ်တတ်တဲ့ စိတ်အခြေအနေများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်အားငယ်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာတို့ ခံစားရလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ၃ လမြောက်နဲ့ ၄ လမြောက်ခန့်မှာ ခံစားရလေ့ရှိပါတယ်။

ပြောင်းလဲတတ်တဲ့စိတ်အခြေအနေတွေအကြောင်းကို ကြိုတင်လေ့လာထားတဲ့အခါ စိတ်အပြောင်းအလဲဖြစ်တာကို မြန်မြန်ကုစားနိုင်မှာပါ။

၈။ ကလေးမွေးဖွားတာနဲ့ပတ်သက်တဲ့အကြောင်းအရာများ

ကလေးမွေးဖွားတာက အမျိုးသမီးတွေအတွက် အနာကျင်ဆုံးခံစားမှုပါ။ ကလေးမွေးဖွားတော့မယ့်အခါ ပြလာတတ်တဲ့ လက္ခဏာတွေအကြောင်းကို သားဖွားမီးယပ်ဆရာဝန်နဲ့ ဆွေးနွေးထားသင့်ပါတယ်။

ကလေးမွေးဖွားပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောက်တဲ့နည်းလမ်း၊ အစားအသောက်၊ ကလေးအတွက် အာဟာရတွေကိုလည်း ကြိုတင်လေ့လာထားနိုင်ပါတယ်။

Zombie (lovemedia)