ကလေးတိုင်းအတွက် ငယ်ရွယ်စဉ်မှာကတည်းက ဝေါဟာရကြွယ်ဝဖို့၊ ဝါကျဖွဲ့ပုံကျွမ်းကျင်ဖို့က အရေးကြီးပါတယ်။

ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက စကားတွေ များများပြောပေးရင် ဘာသာစကားလေ့လာတဲ့အခါမှာလည်း အထောက်အကူ ဖြစ်လာစေပါတယ်။ ကလေးတွေက စူးစမ်းလိုစိတ်များတာကြောင့် လူကြီးမိဘတွေကို မေးခွန်းတွေ ခဏခဏမေးလေ့ရှိပါတယ်။

ကလေးတွေမေးတဲ့ မွေးခွန်းတွေကို သေချာဖြေပေးရင်၊ ကလေးနဲ့ စကားများများပြောပေးရင် အနာဂတ်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရလာစေမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

သိလိုစိတ်ပြင်းပြတဲ့ကလေးတွေက အောင်မြင်မှုတွေ ရလေ့ရှိကြပါတယ်။

ကလေးတွေမှာ စူးစမ်းလိုစိတ်ရှိတာက ဝမ်းသာစရာပါပဲ။ စူးစမ်းလိုစိတ်က ဆင့်ကဲလေ့လာလိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။ စူးစမ်းလိုစိတ်က သင်္ချာနဲ့ စာဖတ်တဲ့နေရာမှာ အကူအညီတွေ အများကြီးပေးပါတယ်။

ကလေးတွေ မေးခွန်းတွေမေးလာတဲ့အခါ စိတ်ရှည်လက်ရှည်ဖြေပေးရင် စဉ်းစားဉာဏ်တွေ ပိုမိုပွင့်လင်းလာပြီး တွေးခေါ်ရတာကို သဘောကျလာမှာပါ။

ရိုးရိုးဖြေလိုက်တာနဲ့ အသေးစိတ်ဖြေလိုက်တာရဲ့ကြားမှာ ကွာခြားချက်တွေရှိပါတယ်။

ကလေးတွေကို တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်ရင် နောက်ထပ် မေးချင်စိတ်တွေ ရှိလာမှာမဟုတ်ပါဘူး။ ကလေးတွေ မေးတဲ့မေးခွန်းကို အသေးစိတ်ကျကျ ဖြေပေးတာက

ကလေးနဲ့ စကားများများပြောဖြစ်တဲ့အပြင် အကြောင်းအရာအပေါ် အာရုံစိုက်နိုင်စွမ်းလည်း တိုးတက်လာပါတယ်။ ဉာဏ်ရည်လည်း တိုးတက်လာပါတယ်။

တိကျတဲ့ဖြေကြားချက်တွေက ကလေးတွေရဲ့ စူးစမ်းချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။

ကလေးတွေက မေးခွန်းတွေမေးရတာ သဘောကျပါတယ်။ ကလေးတွေကို ဝါကျတိုလေးတွေ သုံးပြီး တိတိကျကျ ဖြေပေးတာက သူတို့အတွက် စိတ်ကျေနပ်မှု ရရှိစေမှာပါ။

မေးခွန်းများတဲ့ကလေးကို မိဘအများစုက အလုပ်ရှုပ်တာကြောင့် စိတ်မရှည်ကြပါဘူး။ ဒါပေမယ့် မေးခွန်းများများမေးတာကြောင့် ကလေးရဲ့ စဉ်းစားတွေးခေါ်ဉာဏ်က ရွယ်တူတွေထက်ကို ရှေ့ရောက်နေမှာပါ။

မသိသေးတဲ့အကြောင်းအရာတွေကို အတူတူလေ့လာလို့ ရတာကြောင့် ပိုပျော်စရာကောင်းပါတယ်။

မိဘတွေက မသိတဲ့အကြောင်းအရာတွေကို မဖြေချင်ကြပါဘူး။ ဒါပေမယ့် ကလေးတွေက မိဘတွေမသိတဲ့အကြောင်းအရာတွေကို မေးလာတဲ့အခါ အတူတူ လေ့လာကြည့်ပါ။

ဒီနည်းက ကလေးစိတ်ဝင်စားတဲ့အရာကို ပိုမိုမှတ်မိစေတဲ့အပြင် မိဘနဲ့ကလေးကြားမှာ ရင်းနှီးမှုတွေ တိုးလာပါတယ်။ မိဘအပေါ် ယုံကြည်လေးစားစိတ်တွေလည်းဖြစ်ပေါ်လာပါတယ်။

Zombie (lovemedia)