ကလေးတွေကို ငွေကြေးစီမံခန့်ခွဲတတ်ဖို့အတွက် ငယ်စဉ်ကတည်းက သင်ကြားပေးနိုင်ပါတယ်။ ကလေးတွေကို ဘဏ်စာအုပ်ပြုလုပ်ပေးပြီး ပုံမှန်စုငွေ ထည့်ပေးတာက ဘဝအတွက် အများကြီးလေ့လာစရာတွေ ရရှိစေမှာပါ။ ကလေးတွေကို အသက်အရွယ်ပေါ်မူတည်ပြီး ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောပြပေးနိုင်ပါတယ်။

အသက် ၂ နှစ်မှ ၃ နှစ်အရွယ်

အသက် ၂ နှစ်ကနေ ၃ နှစ်အရွယ်ကလေးတွေက ငွေအကြောင်းကို နားမလည်ကြသေးပါဘူး။ ဒါပေမယ့် အကြွေစေ့ရဲ့နာမည်တွေကိုတော့ လေ့လာလို့ရနေပါပြီ။

ကလေးတွေကို ငွေစက္ကူ သို့မဟုတ် အကြွေစေ့လေးတွေ ပြပြီး အရောင်၊ ပုံစံ၊ နာမည်တူညီတာတွေကို ရွေးချယ်ခိုင်းလို့ရပါတယ်။

ဒါ့အပြင် ကလေးနဲ့အတူ ဈေးဆိုင်ဖွင့်တမ်းကစားလို့လည်း ရပါတယ်။ ပစ္စည်းတစ်ခုခုကို လိုချင်တဲ့အခါ ငွေကြေးကို အသုံးပြုပြီးဝယ်ယူရကြောင်းကို ကစားတဲ့နည်းနဲ့ သင်ကြားပေးလို့ရပါတယ်။

အသက် ၄ နှစ်မှ ၅ နှစ်အရွယ်

စူပါမားကတ်ကို မသွားခင်မှာ ကလေးတွေကို ကူပွန်ပေးလိုက်ပါ။ ကူပွန်နဲ့ ပစ္စည်းတွေ လဲလှယ်လို့ရကြောင်းကိုပါ သင်ကြားပေးလို့ရပါတယ်။ နောက်ထပ်နည်းကတော့ စားသောက်ဆိုင်ဖွင့်တမ်းကစားတာပါ။

စားသောက်ဆိုင်မှာ ငွေကို ဘယ်လိုပေးချေရလဲ၊ စားသောက်ဆိုင်မှာ ဘယ်လိုစားသောက်သင့်လဲ၊ ဘယ်လိုပြုမူသင့်လဲဆိုတာကို တစ်ခါတည်း သင်ကြားပြီးသား ဖြစ်သွားမှာပါ။

ကလေးတွေကို စောင့်ဆိုင်းခြင်းရဲ့အရေးပါပုံကိုလည်း အသက် ၄ နှစ်ကျော်အရွယ်မှာ သင်ကြားပေးလို့ရပါပြီ။ ကလေးပူဆာတဲ့အရုပ်ကို ချက်ချင်းမဝယ်ပေးဘဲ တစ်ပတ်လောက်ကြာမှ ဝယ်ပေးတာ

သို့မဟုတ် လိုချင်တဲ့ငွေပမာဏအထိ ရအောင်စုပြီးမှ ဝယ်ပေးတာ စတဲ့နည်းက ကလေးတွေကို စောင့်ဆိုင်းတတ်တဲ့အကျင့်ရရှိစေတဲ့အပြင် စိတ်ကိုလည်း ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။

အသက် ၆ နှစ်ကနေ ၈ နှစ်အရွယ်

ဒီအသက်အရွယ်မှာတော့ ကလေးတွေကို ငွေစုဖို့အတွက် သင်ကြားပေးလို့ရပါပြီ။ ဝက်စုဘူးထဲမှာ ပိုက်ဆံစုလို့ရကြောင်း၊ ပိုက်ဆံကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ စုဆောင်းကြောင်း ရှင်းပြပေးနိုင်ပါတယ်။ ကလေးအတွက် ဘဏ်မှာ ငွေစုစာအုပ်ဖွင့်ပေးတဲ့နည်းနဲ့လည်း ငွေစုနည်းကို သင်ကြားပေးနိုင်ပါတယ်။

အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ်

ကလေးအသက် ၉ နှစ်ရောက်တဲ့အခါမှာ ပစ္စည်းတွေပေါ်မှာ ရေးထားတဲ့စာတွေ၊ ငွေပမာဏတွေကို ဖတ်တတ်နေပါပြီ။ ဒီတစ်ပတ်မှာ ပစ္စည်းတစ်မျိုးကို ဝယ်ပြီး နောက်တစ်ပတ်မှာ မတူညီတဲ့ပစ္စည်းတစ်မျိုးကို ဝယ်ပါ။

ပြီးနောက် အဲဒီပစ္စည်းနှစ်မျိုးရဲ့ ကွာခြားပုံတွေကို လေ့လာပြီး ဘယ်လိုပစ္စည်းကို ဝယ်သင့်ကြောင်း ရှင်းပြပေးပါ။ ဒီနည်းကတော့ ကလေးအရွယ်မှာကတည်းက ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချတတ်ပြီး ဆုံးဖြတ်တဲ့အရာအပေါ် တာဝန်ယူတတ်စေဖို့ သင်ကြားပေးတဲ့နည်းပါ။

အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ်

စတော့ဈေးကွက်ကို လေ့လာဖို့အကောင်းဆုံးအရွယ်က အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ်ဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။ ဒီအသက်အရွယ်မှာ မိဘနဲ့အတူ စီးပွားရေးသတင်းတွေကို အတူတူနားထောင်ပြီး ဆွေးနွေးနေနိုင်ပါပြီ။

စီးပွားရေးပြုလုပ်တဲ့အခါ အကျိုးအမြတ်အကြောင်းနဲ့ စွန့်စားမှုတွေအကြောင်း၊ တာဝန်ယူမှုအကြောင်းတွေကို ပြောပြဖို့ ကောင်းတဲ့အရွယ်ပါပဲ။

Zombie (lovemedia)