တခါက တိုင်းပြည် တပြည်မှာ နှစ်စဉ် အကောင်းဆုံး ပြောင်းဖူးဆု ရရှိတဲ့ စိုက်ပျိုးသူ တယောက် ရှိတယ်။ တနေ့မှာတော့ ဘုရင်မင်းမြတ်ဟာ အကောင်းဆုံး ပြောင်းဖူး စိုက်ပျိုးနည်းကို လေ့လာ သင်ယူဖို့ သူ့အစေခံ အချို့ကို စေလွှတ် လိုက်တယ်။

ဘုရင်ရဲ့ လူယုံတွေဟာ ပြောင်းဖူး စိုက်ပျိုးနည်းကို စိတ်ဝင်တစား လေ့လာကြတယ်။ ဒီအခါမှာ အကောင်းဆုံး စိုက်ပျိုးသူဟာ သူနဲ့ ခြံချင်းကပ်လျက်က ပြောင်းဖူးစိုက်ပျိုးသူ တွေကို သူရဲ့ အကောင်းဆုံး မျိုးစေ့တွေ အမြဲ မျှဝေပေးတတ်တဲ့ အကြောင်း သူတို့တွေ သိရှိလာ ခဲ့တယ်။

"ဘာလို့ ခင်ဗျားရဲ့ အကောင်းဆုံး မျိုးစေ့တွေကို လိုက်ဝေနေ ရတာလဲ။ သူတို့တွေ ခင်ဗျားမျိုးစေ့တွေကို ရသွားရင် နောက်နှစ်မှာ ခင်ဗျားကို ကျော်တက် သွားမှာပေါ့" လို့ ဘုရင့် လူယုံတွေထဲက ခေါင်းဆောင် ဖြစ်သူက ပြောလိုက်တယ်။

ထိုအခါ စိုက်ပျိုးသူက "ဝတ်မှုန်ကူးခြင်း အကြောင်းကို တကယ် မသိတာလား ဆရာတို့။ ဒီပြောင်းဖူးပင်တွေ ရင့်မှည့်လာ ကြတဲ့အခါ လေအဝှေ့မှာ တခြံနဲ့ တခြံမှာ ရှိတဲ့ ပြောင်းဖူးပင်တွေဟာ ဝတ်မှုန် ကူးကြတယ်။

တကယ်လို့ ကျွန်တော်နဲ့ ကပ်လျက် ပြောင်းဖူးခြံက အရည်အသွေး ညံ့တဲ့ ပြောင်းဖူးတွေ ဖူးရင် ကျွန်တော့်ခြံက ပြောင်းဖူးတွေလည်း အောင်မြင်စရာ အကြောင်း မရှိပါဘူး။

ကျွန်တော့်ခြံထဲက ပြောင်းဖူးတွေကို အောင်မြင် ဖြစ်ထွန်းစေချင်တယ် ဆိုရင် ကျွန်တော့် ခြံနီးချင်းတွေရဲ့ ပြောင်းဖူးပင်တွေ ကိုလည်း မြှင့်တင် ပျိုးထောင်မှ ရပါလိမ့်မယ်" လို့ ပြောင်းဖူးစိုက်ပျိုးသူက ဖြေလိုက်ပါတယ်။

ကျွန်တော်တို့ လူ့ဘဝတွေ ဟာလည်း ဒီလိုပဲ မဟုတ်ပါလား။ ကျွန်တော်တို့ ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင်ချင်တယ် ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင် ကိုလည်း ငြိမ်းချမ်း ပျော်ရွှင်ဖို့ ဖန်တီးပေး ရပါမယ်။

ကျွန်တော်တို့ အဆင့်အတန်း မြင့်မြင့် တန်ဖိုးရှိရှိ ရှင်သန် နေထိုင်ချင်တယ် ဆိုရင် ကျွန်တော်တို့ လူမှု ပတ်ဝန်းကျင် ကိုလည်း တန်ဖိုးရှိအောင် လက်တွဲကူ မြှင့်တင်ပေးဖို့ လိုပါတယ်။

တကယ်တော့ ဘဝရဲ့ တန်ဖိုး ဆိုတာ ဒီဘဝ တခုထဲ သီးသန့် ဖြစ်တည်နေလို့ မရပါဘူး။ ဒီဘဝနဲ့ ထိစပ်နေတဲ့ အရာတွေကို လှပအောင် တန်ဖိုးရှိအောင် ခြယ်သခြင်းကကို ဒီဘဝရဲ့ တန်ဖိုးကို ပိုမို တောက်ပြောင်စေ တာပါပဲ။

မိတ်ဆွေအနေနဲ့ အကောင်းဆုံး ပြောင်းဖူးကို လိုချင်ပါသလား။ အကောင်းဆုံး ပြောင်းဖူးအတွက် ပတ်ဝန်းကျင်ကို အကောင်းဆုံး ဖန်တီးဖို့ မမေ့လိုက် ပါနဲ့။ Crd