တခါက တိုင်းပြည်တခုမှာ ထူးဆန်းတဲ့ ဥပဒေတခုကို ပြဌာန်းထားခဲ့တယ်။ ဥပဒေအရ ယောက်ျားတိုင်းဟာ ဘုရင်ဖြစ်နိုင်ပြီး တိုင်း ပြည်ကို (၅) နှစ် အုပ်ချုပ်ခွင့်ရှိတယ်။
အဲဒီနောက် ဘုရင်သက်တမ်း ကုန်ဆုံးတဲ့အခါမှာတော့ သူ့ကို တုပ်နှောင်ပြီး သားရဲထူထပ်ပြီး လူတဦးတယောက်မှ မရှိတဲ့ ကျွန်းတကျွန်းကို ပို့စေတာပဲဖြစ်တယ်။
အဲဒီလိုနဲ့ တိုင်းပြည်မှာရှိတဲ့ ယောက်ျားများဟာ ဘုရင်အဖြစ်ကို တယောက်ပြီးတယောက် ရယူခဲ့ကြတယ်။ ပထမဘုရင်တယောက် နန်းတက်ခဲ့တယ်။ သူဟာ ဘုရင် မဖြစ်ခင်ကတည်းက စည်းစိမ်ခံစားဖို့ ရည်ရွယ်ထားခဲ့တယ်။
သူဟာ ခမ်းနားတဲ့ကပွဲသဘင်တွေ ဆင်ယင်တယ်။ လှပခမ်းနားတဲ့ နေရာတွေ တည်ဆောက် အပန်းဖြေတယ်။ မိန်းမတွေ အများကြီးကို လက်ထပ်တယ်။ ဇိမ်ခံပစည်းတွေနဲ့ သူ့စိတ်တောင်းဆိုရာ အရာမှန်သမျှကို အတားအဆီးမရှိ လုပ်ခဲ့တယ်။
အဲဒီလို ထင်သလိုလုပ်ခဲ့ပြီး အချိန်ငါးနှစ်တာဟာ သူသတိမထားမိဘဲ စည်းစိမ်ချမ်းသာတွေကို ခံစားရင်း ကုန်ဆုံးသွားခဲ့တယ်။ နောက်တနေ့ မနက်မှာတော့ ဘုရင်အိပ်ရာကနေ နိုးလာတုန်း စစ်သည်တွေ ရောက်လာခဲ့တယ်။
"ကျွန်ုပ်တို့ဟာ တိုင်းပြည်ရဲ့ ဥပဒေအရ သင့်ကိုလာရောက် ခေါ်ဆောင်တာဖြစ်တယ်။ သင်ဟာ ငါးနှစ်တာကာလ ဘုရင်လုပ်ပြီးပြီ ဖြစ်တဲ့အတွက် သင့်ကိုဖမ်းဆီးပြီး တကျွန်း ပို့ရလိမ့်မယ်"
ဘုရင်ဟာ အံ့သြခြင်းတော့ မဖြစ်ခဲ့ဘူး။ သူဒီလိုပဲ အဆုံးသတ်ရမယ် ဆိုတာ အစကတည်းက သူ သိထားခဲ့တယ်။ ဒါကြောင့်လည်း သူဟာ ငါးနှစ်အတွင်း အမြင့်မားဆုံး စည်းစိမ်တွေကို ခံစားခဲ့ပြီးပြီ ဖြစ်တယ်။ ဒါပေမယ့် သားရဲတိရစ္ဆာန် ထူပြောတဲ့ကျွန်းမှာ နေရမှာကိုတော့ သူကြောက်နေခဲ့တယ်။
သူသေကြေ ပျက်စီးရတော့မယ်။ အဲဒီလိုနဲ့ ဘုရင်ဟာ ကြောက်ရွံ့ပြီး ငိုကြွေးခဲ့တယ်။ သူငိုနေပေမယ့်လည်း ဘယ်သူမှ မရှိတဲ့ သားရဲကျွန်းမှာ တယောက်တည်းပဲ အော်ဟစ်ရင်း နေခဲ့ရတော့တယ်။
ဒီလိုနဲ့ နောက်ထပ်ဘုရင်တပါး တက်ပြန်တယ်။ သူဟာလည်းပဲ အသုံးအဖြုန်းကြီးစွာနဲ့ပဲ စည်းစိမ်ခံစားရင်း ကုန်လွန်ခဲ့ပြန်တယ်။ ပထမဘုရင် သွားရာနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်ခဲ့ရပြန်တယ်။
ဒီလိုနဲ့ ဘုရင်တွေ တယောက်ပြီးတယောက် ပြောင်းလဲလာခဲ့တယ်။ အစပိုင်းမှာ ရယ်ရွှင်မြူးထူးခြင်းနဲ့စပြီး ငိုကြွေးခြင်းနဲ့ အဆုံးသတ်ရတဲ့ ခရီးတွေပဲပေါ့။
အဲဒီနောက်မှာတော့ လူငယ်လေးတဦးဟာ ဘုရင်အဖြစ်ကို ရောက်လာခဲ့တယ်။ သူလည်းပဲ ပထမဘုရင်တွေလိုပဲ တူညီတဲ့အခွင့် အရေးရခဲ့တယ်။ စည်းစိမ်ခံစားခွင့်လည်း ရလာခဲ့တယ်။
ဒါပေမယ့် သူဟာ ငါးနှစ်ဆိုတဲ့ အချိန်ကို အဓိပါယ်ရှိစွာ ကုန်လွန်ဖို့ပဲတွေးတောခဲ့တယ်။ သူ့ဘဝ အဆုံးသတ်ရမယ့် သားရဲထူးထပ်တဲ့ ကျွန်းကို သူရောက်တဲ့အခါ အဆင်ပြေစေဖို့ ကြိုတင်စီစဉ်မှုတွေ ပြုလုပ်ခဲ့တယ်။
ပထမနှစ်မှာ ဘုရင်ကြီးဟာ စီမံကိန်းတခု ချမှတ်ခဲ့တယ်။ သူဟာ စစ်သည်ရဲမက်တွေ တိရစ္ဆာန်လေ့ကျင့်ပေးတဲ့ နေရာမှာကျွမ်းကျင်သူတွေကို အတူတွဲပြီး သားရဲကျွန်းကို လွှတ်ခဲ့တယ်။
အဲဒီလိုနဲ့ သားရဲကျွန်းက တိရစ္ဆာန်ရိုင်းတွေ ပပျောက်ပြီး လူတွေအတွက် အကျိုးရှိမယ့် အိမ်မွေး တိရစ္ဆာန်တွေ ဖြစ်လာကြတယ်။ သူ့ရဲ့စီမံကိန်းဟာ ငွေကြေးကုန်ကျ များပြားခဲ့ပေမယ့်လည်း ပထမဘုရင်တွေ သုံးဖြုန်းတာကိုတော့ မမီသေးဘူး။
ဘုရင်ကြီးဟာ စနစ်တကျ စီမံကွပ်ကဲခဲ့တာကြောင့် စီမံကိန်းဟာ စနစ်တကျပဲ အောင်မြင်ခဲ့တယ်။ ဒုတိယနှစ်မှာတော့ ဘုရင်ကြီးဟာ လယ်ယာစိုက်ပျိုးသူ တောင်သူတွေကို သားရဲတွေ မရှိတော့တဲ့ သားရဲကျွန်းကို ပို့ပြန်တယ်။ တောင်သူတွေဟာ ကြီးမားတဲ့ သီးနှံစိုက်ခင်းတွေ၊ လယ်ယာတွေကို စိုက်ပျိုးလုပ်ကိုင် ကြတယ်။
တတိယနှစ်မှာတော့ သူဟာ ကျွန်းရဲ့ အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဓါတ်အားပေးဌာနတွေ၊ လမ်းတွေ၊ တံတားတွေကို တည်ဆောက်တယ်။
၄ နှစ်မြောက်ကို ရောက်တဲ့အခါမှာတော့ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ ဆရာဝန် စတဲ့ အတတ်ပညာရှင်တွေ အကုန်လုံးကို ကျွန်းကို ပို့ပြန်တယ်။ နောက်ဆုံးနှစ်မှာတော့ သူဟာ သူ့ရဲ့ အဆွေအမျိုးအပေါင်းအသင်း မိတ်ဆွေတွေကို တကျွန်းပို့ခဲ့တယ်။
နောက်ဆုံးတော့ သူ့ရဲ့အလှည့်လည်း ရောက်လာခဲ့တယ်။ ငါးနှစ်တာကာလ ကုန်ဆုံးပြီဖြစ်လို့ ရဲမက်တွေဟာ သူ့ကို တုပ်နှောင်ပြီး တကျွန်းကို ပို့ခဲ့ကြတယ်။ အဲဒီအခါဘုရင်ကြီးက ကျေနပ်စွာ ပြုံးပျော်ပြီး လိုက်ပါသွားခဲ့တယ်။ သူ့အတွက် သာယာတဲ့ နိုင်ငံသစ်တခုက အသင့် စောင့်ကြိုနေလို့ပါပဲ။
အဲဒီပုံပြင်လေးက ကျွန်တော်တို့ကို သတိပေးထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့တွေဟာ ပထမဘုရင်တွေ လိုပါပဲ ဘဝကို ကိုယ်စိတ်တိုင်းကျ သာယာစွာဘဲ ဖြတ်သန်းချင် ကြတယ်။ စိတ်အလိုကို လိုက်ရင်း ပျော်ရွှင်မှုတွေနဲ့သာ ကုန်လိုကြတယ်။
အဆုံးသတ် ဘဝကူးချိန်မှာတော့ မောဟနဲ့ ဖြတ်သန်းခဲ့ခြင်းရဲ့ ဒဏ်ကို ခံကြရတယ်။ အကုသိုလ်တွေကို နောင်ဘဝ တကျွန်းအထိ ယူဆောင်သွားကြတယ်။
ပညာရှိတွေကတော့ ဒီလိုမဟုတ်ဘူး။ ကုသိုလ်တရားကို အမြဲတမ်း လက်ကိုင်ထားပြီး နောင်ဘဝအတွက် အနာဂတ် အတွက်ပြင်ဆင်ကြတယ်။ အဲဒီအတွက် အချိန်၊ ငွေကြေးကုန်ကျမှုတွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် သူတို့အတွက် ကောင်းသောအနာဂတ် ကောင်းသော ဘုံဘဝတွေလည်း စောင့်ကြိုနေပေလိမ့်မည်သာ။ crd
0 Comments