ယုတ်မာဖို့သက်သက် မိန်းမ မယူပါနဲ့

အမျိုးသမီးတွေကို အထင်သေးတဲ့စိတ်နဲ့ မိန်းမယူချင်တာလား။ မိန်းမသားဘဝ ဖြစ်ရတာ ယုတ်ညံ့တယ်ဆိုပြီး ချနင်းချင်စိတ်နဲ့ မိန်းမယူတာလား။ မိန်းကလေးတွေ အားနွဲ့တယ်ဆိုပြီး လင်ယူသားမွေး ခိုင်းဖို့ မိန်းမယူတာလား။

အထင်သေးစိတ်နဲ့ မိန်းမမယူပါနဲ့။ သူတို့လည်း ကိုယ့်အရည်ချင်းကိုယ် ရှိပါတယ်။ နှိမ်ချင်ရုံသပ်သပ်နဲ့ မိန်းမမယူပါနဲ့။ သင့်ရင်ခွင်ထက် ပိုလုံခြုံတဲ့ သူမရဲ့ မိဘရင်ခွင်ရှိပါတယ်။ လင်ယူသားမွေးဖို့ သပ်သပ်နဲ့ မိန်းမမယူပါနဲ့။ သူတို့တွေလည်း သူ့လုပ်စာနဲ့သူ ရှာစားနိုင်ပါတယ်။

သူမ မယားခံတယ်ဆိုတာ သင့်ကိုအားကိုဖို့ မဟုတ်ပါဘူး။ သင်နဲ့အတူ တယောက်ဘဝတယောက် ဖေးမကူညီဖို့ပါ။ သူမ ဇနီးအဖြစ်ခံတယ်ဆိုတာ သင်ရဲ့ ဂရုစိုက်မှုကို လိုချင်လို့ မဟုတ်ဘူး။ သင်အတွေးလွန်တဲ့အခါ မိခင်လို အနားမှာ နေပေးဖို့ရောက်လာတာပါ။

သူမ အိမ်သူသက်ထားအဖြစ် နေတာ သင့်ရဲ့ လုပ်စာကို ထိုင်စားဖို့ မဟုတ်ပါဘူး။ သင့်ဘဝအတွက် တစိတ်တဒေသ ဖြည့်ဆည့်ကူညီဖို့ပါ။

သင်အထင်မြင်သေး နှိမ်ချင်ပါတယ်ဆိုတဲ့ မိန်းမဟာ ငယ်ငယ်ကတည်းက သင့်ကို ရင်ခွင်မှာ ထွေ့ပွေ့ထားတဲ့ အမေလို ဒီအချိန်မှာ သင့်အမေအစား သင့်ရဲ့အားငယ်မှုကို အားပေးဖို့ပါ။

သင်မိန်းမဟာ သင့်အမေ မဟုတ်ပေမယ့် သင့်ရဲ့ အမေလို ယုယကြင်နာတတ် ပါတယ်။ သင့်ဇနီးဟာ သင့်အမေ မဟုတ်ပေမယ့် သင် ညှိနိုင်းတိုင်ပင်လို့ ရပါတယ်။

သင့် မယားဟာ သင့်ကိုအသက်နဲ့ ရင်းပြီး မွေးဖွာပေးသူ မဟုတ်ပေမယ့် ဘဝနဲ့ ရင်းပြီး သင်နဲ့အတူ ဆံဖြူသွားကျိုးတဲ့ထိ အဖော်ရှိပေးသူပါ။

မိန်းမတိုင်းဟာ ကိုယ့်အမေလို မဟုတ်ပေမယ့် သင့်ရဲ့ ရင်သွေးအတွက် မိခင်ပါ။ ဒါတွေကို သိပါလျက်နဲ့ ဘာလို့ နှိမ်ချင်သေးတာလဲ။ ဘဝချင်း မစာနာရင်တောင် နှမချင်း အမေချင်းတော့ စာနာပေးပါ။ အထင်မြင်သေးနေတဲ့ မိန်းမတွေ နေရာကနေ ဝင်ခံစားကြည့်ပါ။

သင့်အနာဂတ်အတွက် ဘဝတခု တည်ဆောက်ဖို့ မိန်းမယူခင်မှာ ကြိုက်တဲ့ မိန်းကလေး ရွေးချယ်ပါ။ ကြိုက်လို့ ယူပြီဆိုလည်း တန်ဖိုးထားပါ။ ကိုယ့်ရဲ့ အတ္တ ကိုယ့်ရဲ့မာန ကိုယ့်ရဲ့ ယုတ်မာမှုနဲ့ ဘယ်မိန်းကလေးကိုမှ ထိခိုက်အောင် မလုပ်ပါနဲ့။

အမေ့ရင်ခွင်မှာ ခိုလှုံတုန်းက သင်ဟာ မင်းသားတပါးဆိုပေမယ့် သင့်ဇနီးရင်ခွင် ရောက်တော့ သင်ဟာ ဘုရင်တပါး ဖြစ်နေပါပြီ။ ဒါကြောင့် အမျိုးသမီးဘဝကို နန်းတော်လို သဘောထားပါ၊ သင်ဟာ ဘုရင်ပါပဲ။ အမျိုးသမီးဘဝကို ခိုနားရာ ဇရပ်လို မြင်ရင် သင်ဟာ သူဖုန်းစား ပါပဲ။

ဒါကြောင့် မိန်းမယောက်ျား မခွဲခြားပါနဲ့။ အချင်းချင်း လေးစားနိုင်မှ ကိုယ်လည်း အဆင့်တန်းရှိမှာပါ။ သင် မိန်းယူတယ် ဆိုတာ သင်နဲ့သူမ ကိုယ့်လုပ်စာနဲ့ကိုယ် ရှာစားလို့ ရပေမယ့် လင်ယူသားမွေး အိမ်မှာ ကိစ္စတွေဟာ သူမပဲ လုပ်ရပါတယ်။

ဒီလောကမှာ လင်ယုတ်မာမှုကြောင့် လူမဆန်စွာ ရိုက်နှက်တာရှိတယ်။ မိန်းမယုတ်မာလို့ လူမဆန်စွာ ရိုက်နှက်တာ မရှိပါဘူး။ ဒါကြောင့် ယုတ်မာဖို့ သက်သက်နဲ့ မိန်းမယူပါနဲ့။

စေခိုင်းဖို့ သက်သက်နဲ့ မိန်းမမယူပါနဲ့။ လင်ယူသာမွေးဖို့ သက်သက်နဲ့ လက်မထက်ပါနဲ့။ ထမင်းကျွေးနိုင်ရုံနဲ့ မပေါင်းဖက်ပါနဲ့။ ကြင်နာပေးပါ ကိုယ်ချင်းစာပေးပါ အကောင်းမြင်ပေးပါ။

လောကမှာ အရေးကြီးတဲ့ မိန်းမနှစ်မျိုးရှိတယ်။ အမေနဲ့ ဇနီး ဆိုတာပါပဲ။ သင်စိတ်ဓာတ် ကျတိုင်း အမေ့ရင်ခွင်ကို တမ်းတနိုင်သလို သင်အတွေးတွေ လွန်တိုင်း သင့်ဇနီး ရင်ခွင်မှာ ဖြေသိမ့်နိုင်ပါတယ်။ ဒါကြောင့် နှိမ်ချင် ရုံသက်သက်နဲ့ မိန်းမမယူပါနဲ့။

အပြစ်မဲ့ သက်သက်နဲ့ မိန်းမကို ရိုက်နှက် မစော်ကားပါနဲ့။ သူမဟာ ဇနီးဖြစ်တည်လာတယ်ဆိုတာ ယောက်ျားတိုင်းကို ယုယ ကြင်နာပေးတတ်တဲ့ အမျိုးသမီး ဖြစ်ဖို့ပါ။ အမျိုးသမီးတိုင်း လူစိတ်ရှိတဲ့ ယောက်ျားနဲ့ တွေ့နိုင်ကြပါစေ။ crd

Post a Comment

0 Comments