ကိုယ့်အတွက်ကိုပဲ စိတ်ပူပါ

သင်မရှိလည်း ကမ္ဘာကြီးက လည်ပတ်နေမှာပဲ။ ရာသီတွေလည်း သူ့နေသားတကျ ရွေ့လျားနေမှာပဲ။ သင်မရှိလည်း လူတချို့က အဆင်ပြေနေကြမှာပဲ။

မရှိခဏ တမ်းတကြတုန်း သင့်ထက်ပို ကောင်းပေ့ဆိုတဲ့ အရာတွေနဲ့ တွေ့ရင် သင်ဆိုတာ သတင်းစာ တစောင်ရဲ့ နာရေးကြော်ငြာ တပိုဒ်စာပဲ။ ပြီးနောက် နောက်အပတ်စဉ်မှာတော့ ဘယ်သူမှ သင်ကို အမှတ်ရ မနေကြဘူး။

သင့်ကို လိုအပ်ပါတယ်ဆိုတဲ့ သူတွေကလည်း သင်မရှိရင် သူတို့ လိုအပ်ချက်တွေ ရနိုင်မယ့် နေရာတခုဆီကို ရွေ့လျားသွားကြမှာပဲ။

သင်ရှိတုန်းတော့ သူတို့ ရနိုင်သမျှကို ကုန်စင်အောင် စုပ်ယူ သောက်သုံးကြမှာပဲ။ သစ်ပင်တပင်လိုပေါ့။ အသီးချိုရင် အသီးရာသီမှာ သင့်ဆီ ရောက်လာမယ်။

အပွင့်လှရင် အပွင့်ပွင့်ချိန်ကို စောင့်ကြမယ်။ အမြစ်ပါချိုရင် သင့်ကို အမြစ်ပါ လှန်ဖို့ စောင့်နေကြမှာပဲ။

သင်သေဆုံးသွားတဲ့ တနေ့၊ မသီးမပွင့်တော့တဲ့တနေ့၊ နောက်တပင်ကို ကူးပြောင်းသွားမယ့် ငှက်တွေပဲပေါ့။

သင့်ကို တန်ဖိုးထားပါတယ် ဆိုတဲ့ လူတွေလည်း သင့်နေရာမှာ တခြားတယောက် ရောက်လာရင် သင်ဟာ သူတို့ရဲ့ တချိန်က တနေရာစာလေးပဲ ကျန်ခဲ့မယ့် ပါးစပ်သမိုင်းပဲ ဖြစ်သွားမှာပဲ။

သင်ရှိတုန်းကသာ သင့်ကို အတိုင်းအတာ တခုလောက်ပဲ ပြုံးပြနှုတ်ဆက်ပြတာ၊ သင်မရှိတော့တဲ့တနေ့ သင်ကောင်းခဲ့သမျှတွေ ဆယ်ခုထဲမှာ မကောင်းတာ တခုရှိရင် အဲဒီအရာကို ပုံကြီးချဲ့ပြီး ပြောကြအုံးမှာပဲ။

ကြော်ငြာဆိုင်းဘုတ်တွေလိုပေါ့။ နောက်ကြော်ငြာ ခေတ်ထရင် ရှေ့ကြော်ငြာကို အလိုလို ဖြုတ်ချပြီး ဟောင်းနွမ်းဇာတ် သွင်းပစ်လိုက်ကြတာပဲ။

ဒီအတွက် သင်လည်း ဘာမှ စိတ်ပူမနေနဲ့။ သင်မရှိလည်း သူ့နေရာနဲ့သူ အဆင်ပြေ နေကြတာပဲ။ ဒါတွေကို သင်သိဖို့ လိုတယ်။ကိုယ့်အတွက်ပဲ ကိုယ်စိတ်ပူပါ။ Ha Thi

Post a Comment

0 Comments