အမျိုးသမီးတိုင်း အလိုချင်ဆုံးသော အရာ

တခါတုန်းက နိုင်ငံငယ်လေးတခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်။ ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်အင် အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတပါးရှိတယ်။

ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေးကို သိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအခေါ်တွေကို သဘောကျလို့ အခွင့်အရေးတခု ပေးလိုက်ပါတယ်။

အဲ့ဒီ အခွင့်အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတခုပါ။ ဘုရင်ငယ်လေးအတွက် အချိန်တနှစ် ပေးထားပြီး မဖြေနိုင်ပါက အသတ် ခံရမယ်လို့ ပြောလိုက်ပါတယ်။

မေးခွန်းက "လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာကဘာလဲ" တဲ့။ အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ။

တချို့က မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်။ ဒါပေမယ့် အချိန်တနှစ် ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့။ အဲဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး။

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီးတယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်။ စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကို တောင်းဆိုလိုက်ပါတယ်။

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေး နီးလာပါပြီ။ စုန်းမကြီးဟာလည်း သူ့တောင်းဆိုချက်ကို အရင်လိုက်လျောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်။

တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည်အားအကိုးရဆုံး သူငယ်ချင်းလည်းဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်း စစ်ဦးစီးလည်း ဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေးဖို့ပါဘဲ။ ဘုရင်လေးလည်း အလွန်တုန်လှုပ် ချောက်ချားနေတာပေါ့။

စုန်းမကြီးပုံစံက ခါးကုန်းကုန်း၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်။ သွားကလည်း ရှေသွားတချောင်ထဲ ရှိတယ်။ အနံ့အသက်ကလည်း ဆိုရွားလှတယ်။ စကားအပြောအဆိုကလည်း ကြမ်းတမ်း ညစ်ညမ်းလှတယ်။

ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နူးညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့ တိုက်တွန်းဖို့ရာမှာ သူ့အတွက်ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပေါ့။ ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင်လေးကို လျှောက်တင်လိုက်ပါတယ်။

ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေညာလိုက်ပြီး ဘုရင်လေးအတွက် အဖြေကို စုန်းမကြီးက ပေးလိုက်ပါတော့တယ်။ "လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အမှန်တကယ် အလိုချင်ဆုံးအရာက သူတို့ရဲ့ဘဝကို သူတို့စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါပဲ" တဲ့။

ထိုအခါမှ ပြည်သူတွေလည်း အဖြေကိုသိပြီး ဘုရင်ကြီးကလည်း စစ်မပြုတော့ဘဲ ဘုရင်လေးတို့ တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်။ အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲက ဘယ်လိုဖြစ်သွားလဲ။

ဘုရင်လေးလည်း ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက် ခံစားနေရပြီပေါ့။ သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ်ချင်းနဲ့ အလွန်မသတီစရာ စုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့။ အမတ်ကြီးလည်း ဆိုးရွားလှတဲ့ ဘဝကို ရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ။ ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေး တယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့။

"ဘာတွေဖြစ်ကုန်ပြီလဲ မိန်းကလေးရေ" လို့ လှမ်းမေးလိုက်တယ်။ "သင်ဟာ ကျွန်မနဲ့ ပထမဦးဆုံး တွေ့တဲ့အချိန်မှာ အလွန် မသတီစရာကောင်းတဲ့ ရုပ်နဲ့ တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်။ ဒီအတွက်ကြောင့် စိတ်ထားကောင်းတဲ့သင့်ကို အခွင့်အရေးတခု ပေးချင်ပါတယ်။

အဲဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလို လှပမွေးပျံ့တဲ့ ပုံစံနဲ့ တွေ့မြင်နိုင်အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်" လို့ ပြန်ပြောလိုက်ပါတယ်။

ဘယ်လောက်များ ရက်စက်နာကျင်စေတဲ့ မေးခွန်းပါလိမ့်။ အမတ်ကြီးလည်း သေချာစဉ်းစားပြီး အဖြေပေးရတော့မယ်။ နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေးကို မိတ်ဆွေတွေ အလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့ အတူတူအိပ်မလား။ ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကို ပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ပိုင်ဆိုင်မှာလား။

အမတ်ကြီး ဘာရွေးလိုက်တယ် ဆိုတာကို ဆက်မဖတ်သေးဘဲ သင်ကိုယ်တိုင် ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ။ အမတ်ကြီး ရွေးချယ်လိုက်တာကတော့ "မင်းသဘောအတိုင်းပါဘဲကွာ" တဲ့။ အဲဒီစကားကို ကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်း ပြောလိုက်ပါတယ်။

"အချိန်တိုင်း လှပတဲ့ ပုံစံနဲ့ ရှင့်ကို မြင်တွေ့စေချင်ပါတယ်" တဲ့။ ဘာကြောင့်လဲ ဆိုတော့ သူမဘဝကို သူမ စိတ်ကြိုက် စီမံခွင့် ရရှိခဲ့လို့ပါ။ ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ။ သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့် မရခဲ့ရင် သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ညပိုင်းတွေမှာ မလှပနိုင်တော့ဘူးနော်။ Crd

Post a Comment

0 Comments