အလက်ဇန္ဒားဘုရင်၏ နောက်ဆုံးဆန္ဒ (၃)

ကမ္ဘာသမိုင်းကို သင်ဖူး လေ့လာဖူးသူတိုင်း ဂရိနိုင်ငံက အလက်ဇန္ဒားဘုရင်ကြီး အကြောင်းကို သိကြမှာပါ။ သူဟာ တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး စစ်ရေးဗျူဟာ ကျွမ်းကျင်တာကြောင့် အီဂျစ် ပါရှား အိန္ဒိယ အပါအဝင် ကမ္ဘာ့တိုက်ကြီး ၃ တိုက်ကိုတိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်။

ဘုရင်ကြီးဟာ နိုင်ငံများစွာကို စစ်နိုင်သိမ်းပိုက်ပြီးတာနဲ့ သူ့နေရပ် ဂရိနိုင်ငံကို ပြန်လာခဲ့တယ်။ လမ်းမှာ အဖျားရောဂါ စွဲကပ်ပြီး အိပ်ရာပေါ် လဲသွားတယ်။ ရောဂါက ပြင်းထန်လွန်းတာကြောင့် သူ့ရဲ့ ဆေးဆရာတွေက ကုသမရတော့ဘဲ လက်လျှော့လိုက်ကြတယ်။

ဘုရင်ကြီးကလည်း သူသေတော့မှာကို သိလို့ သူ့ရဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အနားခေါ်ပြီး သူဟာ မကြာခင် သေရတော့မယ်။ သူသေပြီးရင် သူဖြစ်စေချင်တဲ့ ဆန္ဒ ၃ ခု ရှိတယ်။

အဲဒါတွေကို ဖြစ်အောင် လုပ်ပေးဖို့ ကတိတောင်းတယ်။ ဗိုလ်ချုပ်ကြီးတွေကလည်း ဖြစ်အောင် လုပ်ပေးပါမယ်လို့ ကတိပြုကြတယ်။

အဲဒါနဲ့ ဘုရင်ကြီးက သူ့ရဲ့ နောက်ဆုံးဆန္ဒ ၃ ခုကို အခုလို ပြောလိုက်တယ်။ "ငါရဲ့ ပထမဆုံးဆန္ဒက သင်္ဂြိုဟ်မယ့် နေရာကို သယ်ယူသွားတဲ့ ငါ့အလောင်း ထည့်ထားတဲ့ အခေါင်းကို ငါ့ကို ဆေးကုသ ပေးခဲ့တဲ့ ဆေးဆရာတွေကို ထမ်းပိုးသယ်ခိုင်းပါ။

ဒုတိယဆန္ဒက ငါအခေါင်းကို သယ်ယူတဲ့ လမ်းတလျှောက်မှာ ငါစစ်တိုက်ရင်း စုဆောင်းရရှိထားတဲ့ ရွှေငွေ ကျောက်သံ ပတ္တမြား အားလုံးကို ခင်းထားပေးပါ။

တတိယဆန္ဒက ငါ့ကိုသယ်တဲ့ အခေါင်းရဲ့ ဘေးနှစ်ဖက်မှာ အပေါက်တပေါက်စီ ဖောက်ထားပြီး ငါ့လက်နှစ်ဖက်ကို အပြင်မှာတန်းလန်း ထုတ်ထားပေးပါ" တဲ့။

ဗိုလ်ချုပ်ကြီးတွေကလည်း မျက်ရည်စက်လက် ဝမ်းနည်းစွာနဲ့ ဘုရင်ကြီးရဲ့ ဆန္ဒတွေကို ဖြစ်မြောက်အောင် လုပ်ပေးပါမယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလို လုပ်ခိုင်းတယ်ဆိုတာကို ပြောပြပေးဖို့ တောင်းပန်ကြတယ်။

ဘုရင်ကြီးကလည်း မောပန်းစွာ အသက်ရှူရင်း အခုလို ရှင်းပြလိုက်တယ်။ "ငါ့ရဲ့ ပထမဆန္ဒ ဖြစ်တဲ့ ဆေးဆရာတွေကို အခေါင်းထမ်းခိုင်းတဲ့ ရည်ရွယ်ချက်က ဆေးဆရာတွေဟာ လူတိုင်းကို သေမင်းလက်က မကယ်တင်နိုင်ဘူး။ ဒါကြောင့် တိုင်းသူပြည် သားတွေဟာ ကိုယ့်ကျန်မာရေးကို ဂရုစိုက်ကြဖို့ပါ။

ဒုတိယဆန္ဒဖြစ်တဲ့ ရွှေငွေတွေကို ငါ့အလောင်း သယ်တဲ့လမ်းမှာ ခင်းထားခိုင်းတာက ငါဟာ ကမ္ဘာကြီးကို အုပ်စိုးနိုင်ခဲ့ပေမယ့် ငါသေတော့ ငါစုထားတဲ့ ရတနာတွေထဲက ရွှေတိုတစတောင် ယူမသွားနိုင်ဘူး။ ဒါကြောင့် ပြည်သူတွေကို ပစ္စည်းဥစ္စာနောက်ကိုပဲ လိုက်မနေဖို့ သတိပေးချင်လို့ပါ။

တတိယဆန္ဒဖြစ်တဲ့ ငါ့လက်နှစ်ဖက်ကို အခေါင်းပေါက် တွေကနေ ထုတ်ခိုင်းထားတာက ပြည်သူတွေကို သိစေချင်တယ်။ ငါ ဒီကမ္ဘာကြီးကို ရောက်လာတုန်းကနဲ့ ထွက်ခွာချိန်မှာ လက်ဗလာချည်းပဲ ဆိုတာပါ"

လောဘ ဒေါသ မောဟတွေနဲ့ ကျင်လည်တတ်ကြ၊ နစ်မွန်းတတ်ကြ၊ အနိစ္စ မမြဲ၊ ဒုက္ခ ဆင်းရဲ၊ အနတ္တ အစိုးမရတဲ့ တရား လက္ခဏာသုံးပါးနဲ့ ကင်းဝေးရာ ငါနှင့်ငါသာ နှိုင်းယှဉ်ရာဖြင့် ကျင်လည်နေကြမည် ဆိုပါက ဘဝနိဂုံး၌ အချည်းအနှီးဘဝများသာ ဖြစ်ကြရပေလိမ့်မည်။ အလက်ဇန္ဒားဘုရင်၏ ဘဝနိဂုံး မှာကြားချက် ဆန္ဒတွေဟာ သံဝေဂ ယူစရာပင်ဖြစ်သည်။ crd

Post a Comment

0 Comments