ရွဲကုန်သည်နှစ်ဦးနှင့် ပင့်ကူအိမ်

တခါက ရွဲကုန်သည်နှစ်ဦးဟာ သူ့တို့မှာ ပါလာတဲ့ရွဲတွေကို တရွာဝင် တရွာထွက် လိုက်လံ ရောင်းချနေတယ်။ ရာသီဥတုက ပူပြင်းတာရယ် သီးနှံအထွက်တိုး နည်းပါးတာရယ်ကြောင့် တောင်သူတွေ ဝင်ငွေပါးတော့ ထင်ထားသလို မရောင်းရပါဘူး။

နှစ်ယောက်စလုံးလည်း စိတ်ဓာတ်တွေ ကျဆင်းနေ ကြတယ်။ မိမိထင်ထားသလို ဖြစ်မလာတော့ လေးလံသော ရွဲတွေကို ထမ်းပိုးရင်း ခြေတိုအောင် လျှောက်နေကြရတယ်။

ထိုနောက် သူတို့နှစ်ဦးဟာ ရွာအပြင်က ဇရပ်ပျက်ကြီး တခုမှာ ခိုနားခဲ့ ကြသည်။ နားခိုရင်း ရွဲကုန်သည်တဦးက ဒုတိယရွဲကုန်သည်ကို "နောင်ကြီးရေ ကျုပ်တော့ ဆက်မလိုက်တော့ဘူးဗျာ" လို့ ခပ်နွမ်းနွမ်းလေး ပြောလိုက်သည်။

နှစ်ယောက်စလုံး မောပန်းနေကြတယ် ဆိုပေမယ့် ကျန်တယောက်ကတော့ စိတ်ဓာတ်တွေ ရှိနေပုံရသေးသည်။ "ကျုပ်တော့ နောက်ကြောင်းပြန်လို့ မရဘူးဗျာ၊ ကျုပ်ဒီရွဲတွေ ကုန်အောင်ရောင်းမှ ဖြစ်မယ်" လို့ ပြန်ပြောလိုက်သည်။

"နောင်ကြီးရာ ကုန်အောင်ရောင်းချင်ပေမယ့် တရွာလုံးလျှောက်မှ တထည်လောက် ရောင်းရတာ ကျုပ်တော့ စိတ်ဓာတ်ကျလာပြီဗျာ။ နောင်ကြီး ဆက်သွားရင်လည်းသွား ကျုပ်တော့ နောက်ကြောင်း ပြန်လှည့်တော့မယ်" ဟု ပြောပြီး ရွဲတွေကို ထမ်းပိုးကာ သူလာရာ လမ်းအတိုင်း ပြန်လှည့်သွားတော့သည်။

ထိုဇရပ်ပျက်ကြီးပေါ်မှာ ဒုတိယ ရွဲကုန်သည်သာ ကျန်ခဲ့သည်။ နေကပူ၊ ထမ်းပိုးရတာက လေးလံ။ သူလည်း ပြန်ရင်ကောင်းမလားဟု ဒွိဟဖြစ်ကာ ဇရပ်ပေါ်မှာ ခေတ္တ လှဲနေလိုက်သည်။

ပြန်မည်ဆိုပါက လာလမ်းသည် ဝေးလံလှသည်။ ရှေ့ဆက် သွားရောင်းပြီး ကုန်မှ ပြန်ပါလျှင် လူလွတ်ဖြစ်မည် စသော အတွေးမျိုးစုံနဲ့ ခေတ္တ လှဲလျောင်း လိုက်သည်။

ထိုသို့ လှဲလျောင်းနေသောအခါ ဇရပ်ကြီးရဲ့ မြားတန်းထောင့်စွန်းမှာ ပင့်ကူအိမ်တခုကို တွေ့လိုက်မိသည်။ ထိုပင့်ကူသည် သူရက်လုပ်ထားသော ပင့်ကူအိမ်ပေါ်မှာ သားကောင်တို့ကို စောင့်နေဟန် တူသည်။ ရွဲကုန်သည်သည် လှုပ်စိစိ ပင့်ကူအိမ်လေးကို စိုက်ကြည့်နေ မိသည်။

ခဏကြာတော့ လေပွေတခု ထိုးတက်လာသည်။ လေပွေရဲ့ ရိုက်ခက်မှုကြောင့် လွင့်ပါလာသော သစ်ရွက်တို့က လေပွေအရှိန်နဲ့ ပင့်ကူအိမ်ကို ဖျက်ဆီးပစ်လိုက်သည်။ ပင့်ကူအကောင်လေးလည်း ဆောက်တည်ရာမရ လွင့်ပါသွားခဲ့သည်။ သူရက်လုပ်ထားတဲ့ အိမ်လေးလည်း ဖရိုဖရဲနဲ့ ပျက်စီးသွားခဲ့သည်။

ဒီအဖြစ်ပျက်တွေ အားလုံးကို ရွဲကုန်သည်ဟာ ဘာရယ်မဟုတ် ကြည့်နေမိတယ်။ ခဏကြာတော့ ပင့်ကူကောင်လေးဟာ သူ့နေရာလေးမှာ နောက်ထပ် အိမ်တလုံး ထပ်ဆောက်ရန် ပြင်ဆင်ပါတော့တယ်။ ရွဲကုန်သည်လည်း တည်ငြိမ်စွာနဲ့ ပင့်ကူလေးကို မျက်ခြေမပျက် ကြည့်နေမိသည်။ ကြည့်နေရင်းနဲ့ ရွဲကုန်သည်ဟာ ခေတ္တ အိပ်ပျော်သွားခဲ့သည်။

သူ အိပ်ယာက နိုးတော့ ပင့်ကူလေး အိမ်ဆောက်လို့ ပြီးသွားခဲ့လေပြီ။ သူ့ရဲ့ ခွန်အားနဲ့ ဆောက်လုပ်ထားတဲ့ အိမ်လေးထဲမှာ အေးဆေးစွာ အနားယူနေသည်။

ရွဲကုန်သည်ဟာ ပင့်ကူကို ကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေ ရခဲ့တယ်။ အခက်ခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမယ် မောရင် နားမယ် နားပြီးရင် ပြန်လျှောက်မယ်ပေါ့။

လူတိုင်း သတ္တဝါတိုင်းက ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်ပိုင်ခွင့် ရှိကြပါတယ်။ မလျော့သော ဇွဲ လုံ့လနဲ့သာ ကြိုးစားရင် ဖြစ်နိုင်ပါတယ်ဟု တွေးမိလာတယ်။

လောကဓံတရား ဆိုတာ ခံစားရတဲ့အချိန်မှာ ခါးသီးပေမယ့် ကျော်ဖြတ်လို့ အောင်မြင်သွားရင် အင်မတန်း သာယာစိုပြေလှတယ် ဆိုတာ ပင့်ကူအိမ်လေးကို ကြည့်ပြီး သိလာခဲ့တယ်။

ထိုအခါ ရွဲကုန်သည်ဟာလည်း ခါးသီးသော လောကဓံတွေကို ကျော်ဖြတ်ဖို့ ပါလာသော ရွဲတွေကို ထမ်းပိုးကာ တရွာဝင် တရွာထွက် လိုက်လံ ရောင်းချခဲ့တယ်။

ဒီလိုနဲ့ မကြာသော အချိန်ကာလ တခုမှာ သူ့ရဲ့ ရွဲတွေဟာ ရောင်းလို့ ကုန်သွားတယ်။ အပြန်လမ်းမှာတော့ ရွဲကုန်သည်လေးရဲ့ ခြေလှမ်းတွေက ပိုမို သွက်လက် နေပါတော့တယ်။

အောင်မြင်မှုတခု ရဖို့အတွတ် အတိုက်ခိုက်တွေကို ကျော်ဖြတ်နိုင်ရပါမယ်။ ထိုးနက်မှုတွေကိုလည်း ရင်ဆိုင်နိုင်ရမယ်။ အခွင့်အလမ်း တခုအတွက် အခက်ခဲတခုတော့ ကောင်းကောင်း ရင်ဆိုင်ကြရမှာပါပဲ။ She (တမာမြေ)

Post a Comment

0 Comments