ရှေးရှေးတုန်းက ရွာတရွာမှာ ခပ်ပေပေ၊ ခပ်တေတေ နေတတ်တဲ့ မိန်းကလေးတယောက် ရှိတယ်။ ဆံပင်တွေလည်း မသပ်မရပ်၊ အဝတ်အစားလည်း ပိုသီဖတ်သီနဲ့ စည်းမရှိ ကမ်းမရှိ နေသူလေးပေါ့။
အဲဒီရွာလေးမှာ ဓလေ့ထုံးစံလေး တခု ရှိတယ်။ အဲဒီရွာက မိန်းကလေးတွေကို အမျိုးသားများက လက်ထပ်ချင်တယ် ဆိုရင် နွားအကောင် အရေအတွက်နဲ့ တင်တောင်းရပါတယ်တဲ့။
မိန်းကလေးတွေရဲ့ တန်ဖိုးကို နွားတကောင်ကနေ ဆယ်ကောင်အထိ သတ်မှတ်ကြတယ်။ စောစောက မိန်းကလေးရဲ့ တန်ဖိုးကိုတော့ နွား ၁ ကောင်သာ သတ်မှတ်ထားပါတယ်တဲ့။ သူမကလည်း သူ့ကိုယ်သူ တန်ဖိုးသိပ်မရှိတဲ့သူ လို့ သတ်မှတ်ထားပါတယ်။
ဒါပေမယ့် တနေ့မှာတော့ အဲ့ဒီရွာလေးကို ကုန်သည်လေးတယောက် ရောက်လာပါတယ်။ အဲ့ဒီမိန်းကလေးကို မြင်တော့ မြင်မြင်ချင်း နှစ်သက်မိခဲ့တယ်။
ကုန်သည်လေးက မိန်းကလေးကို နွား ၁၂ ကောင်နဲ့ တင်တောင်းလိုက်ပါတယ်။ ရွာက လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ဒီမိန်းကလေးက နွား ၁၂ ကောင်တောင် တန်သလားပေါ့။
မိန်းကလေးကလည်း မိမိကို တန်ဖိုးထားတဲ့သူ ရှိတဲ့အတွက် အဲ့ဒီတန်ဖိုးနဲ့ ကိုက်ညီအောင် ပြင်ပြင်ဆင်ဆင် နေလိုက်ပါတယ်။
သူမဟာ သပ်သပ်ရပ်ရပ် လှလှပပ ဝတ်ဆင်လိုက်တဲ့အတွက် မိန်းကလေးဟာ အဲ့ဒီရွာမှာ တကယ်ကို တန်ဖိုးအရှိဆုံး၊ အလှပဆုံး မိန်းကလေးတယောက် ဖြစ်သွားပါတော့တယ်။
တကယ်တော့ လူတွေအားလုံးဟာ သူ့တန်ဖိုးနဲ့သူ ရှိကြပါတယ်။ တန်ဖိုးထားတတ်ဖို့ပဲ လိုပါတယ်။
မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့သူဟာ သူတပါးကိုလည်း တန်ဖိုးထားတတ် လာပါလိမ့်မယ်။
လူတဦးနဲ့ တဦး တန်ဖိုးထားဆက်ဆံခြင်းဟာ လောကကြီးကို အလှဆင်ခြင်း တမျိုးပါပဲ။ အဓိက ကတော့ တန်ဖိုးထားတတ်ခြင်းပါပဲ။ crd
0 Comments