ဟိုးရှေးရှေးတုန်းက တိုင်းပြည်တွေကို လိုက်ပြီး ကုန်သွယ်တဲ့ ရတနာကုန်သည်ကြီး တဦး ရှိတယ်။ သူ့မှာ အရွယ်ရောက်တဲ့ သားတယောက်လည်း ရှိတယ်။ တနေ့ကြတော့ သားဖြစ်သူက ကုန်သည်ကြီးကို
"အဖေ၊ သား အဖေ့လို အောင်မြင်ချင်လို့ အလုပ် လုပ်တော့မယ်။ သားကို ထိုက်သင့်တဲ့ အမွေတချို့ ပေးပါ" လို့ ပြောတယ်။ ကုန်သည်ကြီးက
"အင်း မင်းလိုချင်တာကို အဖေ ပေးလိုက်မယ်၊ ဒါပေမယ့် အဲဒီအရာကို မပေးခင်မှာ တပါတ်တိတိ အဖေနဲ့ အတူတူ အလုပ် လုပ်ရမယ်"
နောက်တနေ့ မနေ့မှာ သားလုပ်သူကို ခေါ်ပြီး ခြံထဲ ဆင်းတယ်။ တံမြတ်စီးကြမ်း နှစ်ချောင်း ယူလာပြီး သားလုပ်သူကို "အမှိုက်တွေ ကုန်အောင်လှဲ" ဆိုပြီး ခိုင်းလိုက်တယ်။
ကုန်သည်ကြီးကတော့ သစ်ပင်အောက်မှာ ထန်းလျက်ခဲလေး စားလိုက်၊ ရေနွေးလေး သောက်လိုက်နဲ့ သားလုပ်သူက သူ့အဖေ ဘယ်တော့ လာကူနိုး လာကူနိုးနဲ့ လှဲရင်း လှဲရင်း ပြီးသွားတယ်။
အမှိုက်တွေကိုလည်း ငါ့အဖေ လာတော့ ကူကျုံးမှာပဲ ဆိုပြီး ကွက်ကြည့် ကွက်ကြည့် လုပ်နေမိတယ်။ ကုန်သည်ကြီးက အညှောင်းအညာ ထဆန့်လိုက် ပြန်ထိုင်လိုက်နဲ့ သားလုပ်သူ အမှိုက်တွေပါ ကျုံးပြီးသွားတယ်။
နောက်တရက် မှာတော့ ကုန်သည်ကြီးဟာ ဓားနှစ်လက် ယူလာတယ်။ ပြီးတော့ တောထဲ ခေါ်သွားပြီး သစ်ပင်ကြီး တပင်ကို ခုတ်ပိုင်း ခိုင်းတယ်။ သားလုပ်သူက သစ်ပင်ကြီးကို ခုတ်လိုက် ဓားသွေးနေတဲ့ ကုန်သည်ကြီးကို ကြည့်လိုက်ပေါ့။
သားဖြစ်သူခမျာ လက်တွေ နာလွန်းလို့ အရည်ကြည်ဖုတွေ ထလာပြီး ပေါက်ပြဲတဲ့အထိ ခုတ်နေရ ရှာတယ်။ ဒါပေမယ့် ကုန်သည်ကြီးက ဓားသွေး မပျက်ဘူး။
ဝုန်းဆို သစ်ပင်ကြီး လဲသွားတယ်၊ ကုန်သည်ကြီး ထလာတယ်။ ပြီးတော့
"ဟိုအကိုင်းအလက်ပါ ဖြတ်လိုက်သား"
"ကျွန်တော် ပင်ပန်းနေပြီ အဖေ လက်တွေလည်း နာကျင်နေပြီ"
"အဲ့ဒါဆိုလည်း မင်းလိုချင်တာ မယူနဲ့တော့ပေါ့"
သားဖြစ်သူလည်း
"ခုတ်ပါ့မယ် အဖေ အဖေ့ကတိသာ တည်ပါစေ"
အားလုံး ခုတ်ထွင် ရှင်းလင်းပြီးချိန် မှာတော့ သားဖြစ်သူ လက်မှာ သွေးတွေကို ရွဲလို့ပေါ့။
နောက်တနေ့ မနက်လင်းတော့ "အဖေ သား လက်တွေ နာကျင်လွန်းလို့ မလုပ်နိုင်တော့ဘူး"
ကုန်သည်ကြီးက "မင်းကို ဒီနေ့ ဘာမှမခိုင်းဘူး၊ ဒီကနေ ကျောက်တောင်ကို ကျော်ပြီးသွားရင် ဦးမောင်လေး ဆိုတဲ့ ငါ့မိတ်ဆွေ ရှိတယ်။ သူ့ဆီကိုသွား ငါအပ်ထားတဲ့ အောင်မြင်ရေး လျို့ဝှက်ချက် ပေးပါလို့ ပြောပြီး တောင်းခဲ့။ မနက်ဖြန် မင်းအလုပ် စပြီး လုပ်ရမယ်။ လုံးဝ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ အဲဒီ လျို့ဝှက်ချက်အတိုင်း လုပ်ဆောင်ပါသား"
ဒီလိုနဲ့ သားဖြစ်သူဟာ ကျောက်တောင်တခုကို ကျော်ပြီး ဦးမောင်လေးဆီက အောင်မြင်ရေး လျို့ဝှက်ချက် ဆိုတာကို ယူဆောင်လာတယ်။ အိမ်ပြန်ရောက်တော့ "အဖေ ပြောတာ ဒါလား" ဆိုပြီး ရွှေနဲ့ မျက်နှာဖုံး လုပ်တဲ့ စာအုပ်ကလေးကို ပြလိုက်တယ်။
"အေး ဟုတ်တယ်သား။ မင်းလုံးဝ အခက်အခဲတွေနဲ့ တွေ့ဆုံချိန်မှာ စာအုပ်ထဲကအတိုင်း တသွေမတိမ်း လုပ်ဆောင်ပါ။ ကဲနားတော့ မနက်ဖြန် မင်းရဲ့ ကုန်သွယ်ခြင်း ခရီးစဉ် စမယ်"
မနက်လင်းတော့ အားလုံး ခရီးထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကုန်သည်ကြီးက သူ့သားကို
"သွားတော့လေ မင်းဘာလုပ်နေတာလဲ"
"အဖေ မလိုက်ဘူးလား"
"ငါက ဘာလိုက်လုပ်ရမှာလဲ၊ မင်း ဒီအရွယ် ရောက်နေပြီပဲ။ မင်း လုပ်နိုင်သလောက် လုပ်ပါ"
အဲ့ဒီလိုနဲ့ ကုန်သည်ကြီးရဲ့ သားဟာ ကုန်သွယ်ဖို့ ထွက်လာခဲ့တယ်။ ချောင်းတွေဖြတ် လွင်ပြင်တွေ ဖြတ်ရင်း တောကြီးတတောကို အရောက် သူ့ကို ခြင်္သေ့တကောင် ချောင်းနေမှန်း သိလိုက်တယ်။
သိသိချင်းပဲ သူဟာ ပုန်းလို့ ကောင်းမယ်နေရာကို ရှာဖို့ ပြေးထွက်ခဲ့တယ်။ လူတကိုယ်စာ ဝင်လို့ရတဲ့ ကျောက်တုံးတွေ ကြားမှာ ဝင်နေလိုက်တယ်။ ခြင်္သေ့ကလည်း မျက်ခြေအပျက် မခံပဲ လိုက်လာတယ်။
အဲဒီလိုနဲ့ ညရောက်လာတယ်။ ခြင်္သေ့ကလည်း ဘယ်မှမသွားဘူး။ သူဝင်တဲ့ ကျောက်တုံးတွေ ရှေ့မှာ ဝပ်ပြီး စောင့်နေတယ်။ သူဟာ ရုတ်တရက် အောင်မြင်ရေး လျို့ဝှက်ချက် စာအုပ်ကို သတိရသွားတယ်။
ပထမဆုံး စာမျက်နှာကို ကြည့်လိုက်တယ်။ "ကိုယ့်ရဲ့ အခက်အခဲတွေ အတွက် ဘယ်သူ့ကိုမှ မမျှော်လင့်ပါနဲ့။ ကိုယ်တိုင် ပြီးဆုံးအောင် လုပ်ပါ" လို့ ရေးထားတယ်။
ကောင်လေးဟာ ခဏ ကြောင်သွားတယ်။ သူသိလိုက်ပြီ။ ကိုယ့်ကိုယ်ကို ကယ်တင်ရန်သာ ကြိုးစားရ တော့မယ်။ အဲ့ဒါနဲ့ သူရှေ့မှာ ဝပ်နေတဲ့ ခြင်္သေ့ကို ကြည့်လိုက်တယ်။
အဲ့ကျောက်တုံးတွေ ကြားကပဲ ကျောက်တုံး တခုရဲ့ အောက်ခြေကို ကျောက်တုံး အပိုင်းအစတွေ ရိုက်ထည့်တယ်။ အဲ့လို ရိုက်ရင်း ထည့်ရင်းနဲ့ ကျောက်တုံးကြီးဟာ ခြင်္သေ့ရဲ့ ကိုယ်ပေါ် ပိကျပြီး ခြင်္သေ့ဟာ သေဆုံးသွားတယ်။
အဲဒီလိုနဲ့ တိုင်းပြည် တပြည်ကို ရောက်သွားတယ်။ သူ့မှာပါတဲ့ ရတနာတွေ ရောင်းတယ်။ သူပြန်ရောင်းလို့ ရမယ့် ရတနာတွေ ပြန်ဝယ်ပြီး သူ့တိုင်းပြည်ကို ပြန်လာခဲ့တယ်။ လမ်းတဝက်မှာပဲ ခရီးပန်းမှုကြောင့် အဖျားဝင်လာတယ်။
သူဌေးသား ဆိုတော့ ဖျားနာမှုကြောင့် အားငယ်စိတ်တွေ ဝင်လာတယ်။ ပြုစုခံခဲ့ရတဲ့ အရာတွေကို မြင်ယောင်ပြီး မျက်ရည်တွေလို့ သူ့အဖေကို တောင်းတနေ မိတယ်။ နောက်ဆုံး မခံမရပ်နိုင်ချိန် မှာတော့ သူ့အဖေပေးတဲ့ စာအုပ်ကို လှန်ကြည့်လိုက်တယ်။
ပထမ စာမျက်နှာမှာ အရင် သူဖတ်ဖူးတဲ့ စာကြောင်းက လွဲပြီး ဘာမှ ရှိမနေခဲ့ဘူး။ နောက်ဆုံး စာမျက်နှာမှာ စာတကြောင်း ရေးထားတာ တွေ့သွားတယ်။
"ငါ့လို ဖြစ်ချင်ရင် ငါကို အားမကိုးပါနဲ့။ မင်းဟာ မင်းဘဝရဲ့ ကယ်တင်ရှင်ပါ။ စာအုပ် တအုပ်ထဲ က အောင်မြင်ခြင်း ဆိုတာ လူက ဖန်တီးတာပါ။ မင်းရဲ့ အောင်မြင်ခြင်းကို လွတ်နေတဲ့ စာရွက်တွေမှာ ရေးပါ" တဲ့။
ကောင်လေးဟာ ဖျားနေတဲ့ ကြားက ရယ်မိတယ်။ ပြီးတော့ စာအုပ်ကို လွှင့်ပစ်လိုက်တယ်။ သူနားလည်သွားပြီ။ သူ့အဖေ ပေးလိုက်တာ "ယုံကြည်မှုနဲ့ ကိုယ့်အား ကိုယ်ကိုးမှု" ဆိုတာကို။
ကောင်လေးဟာ အသက်အောင့်လိုက် မှုတ်ထုတ်လိုက် လုပ်ရင်း အဖျားကျအောင် လုပ်တယ်။ အာဟာရ ဖြစ်စေမယ့် သစ်သီးတွေကို ရှာစားတယ်။ မီးမွှေးပြီး ရေနွေးငွေ့ လှုံပြီး ချွေးထွက်တယ်။ သက်သာလာတာနဲ့ သူ့တိုင်းပြည်ကို အမြန် ပြန်လာတယ်။ အဲ့လိုနဲ့ သူ့အဖေဆီ ပြန်ရောက်လာတယ်။
"သား အဆင်ပြေရဲ့လား"
"တစုံတယောက်ရဲ့ အကူအညီကို မမျှော်လင့် တတ်တော့လို့ အများကြီး အဆင်ပြေပါတယ် အဖေ"
"အေး မင်း ငါ့လို အောင်မြင်ဖို့အတွက် လမ်းစ တွေ့နေပြီပဲ" လို့ ပြောလိုက်ပါတော့တယ်။ ကိုယ့်ရဲ့ အခက်အခဲတွေ အတွက် ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။ ကိုယ်တိုင် ဖြေရှင်းပါ။ ကိုယ့်ကိုယ်ကို အားကိုးပါ။ An Naw
0 Comments