ဥပုသ်စောင့်သော မျောက်များ

တခါက မျောက်အုပ်တအုပ်ရဲ့ ခေါင်းဆောင်မျောက်ဟာ သူ့ငယ်သား မျောက်တွေကို စုဝေးစေပြီး တရားဓမ္မ ဟောပြပါသတဲ့။ သူက

"ငါ မနေ့က လူတွေနေတဲ့ ရွာက ဘုန်းကြီးကျောင်းဘေးက မန်ကျည်းပင်ပေါ် ရောက်ခဲ့တယ်။ ငါမန်ကျည်းသီး စားနေတုန်း ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးရဲ့ တရားဟာ ငါ့ကို သတိသံဝေဂ ပေးခဲ့တယ်။ အဲဒီတရားကို မင်းတို့ကိုလည်း ငါပြန်ဟောပြမယ်"

လို့ ပြောရင်း ဘုန်းကြီးရဲ့ ဟန်ပန်အတိုင်း ချောင်းဟန့် တင်ပျဉ်ခွေထိုင်ပြီး သူကြားခဲ့ရတဲ့ တရားကို ပြန်လည်ဟောပြခဲ့ပါသတဲ့။

အဲဒီလို မျောက်ခေါင်းဆောင်ရဲ့ တရားကို နာပြီးတဲ့နောက်မှာ မျောက်တွေဟာလည်း လူတွေပြုမူပုံ ပြုမူနည်းအတိုင်း ဥပုသ်သီလ ဆောက်တည်ကြဖို့ သဘောတူကြပါသတဲ့။ အဲဒီအခါ မျောက်ခေါင်းဆောင်က ဒီလိုပြောတယ်။

"ငါတို့ ဥပုသ်စောင့်တာကတော့ ဟုတ်ပါပြီ ဒါပေမယ့် ဥပုသ်ထွက်တဲ့အခါ ဗိုက်ဆာပြီး အားနည်းနေကြမှာပဲ။ အဲဒီတော့ ဥပုသ်ထွက်တဲ့အခါ စားဖို့အတွက် အစားအစာကို ကြိုတင်ရှာထားကြရင် ကောင်းမယ်"

အဲဒီအခါ မျောက်တွေဟာ ငယ်ရွယ်သန်မာတဲ့ မျောက်တွေကို စေလွှတ်ပြီး အစားအစာ ရှာဖွေစေတယ်။ အစာရှာဖွေတဲ့ မျောက်တွေ ပြန်ရောက်လာတဲ့ အခါမှာတော့ မှည့်ဝင်းမွှေးကြိုင်နေတဲ့ ငှက်ပျောခိုင်တွေ ပါလာကြတယ်။

မျောက်တွေက ငှက်ပျောသီးကိုကြည့်လိုက်တာနဲ့ အရသာရှိပြီး စားလို့ကောင်းမယ် ဆိုတာကို သိနေကြတယ်။ ဥပုသ် စောင့်ဖို့ထက် ဥပုသ်ထွက်တဲ့အခါ ငှက်ပျောသီး စားဖို့ကို ပိုပြီး စိတ်ထက်သန် လာကြပြန်တယ်။

အဲဒီလို ငှက်ပျောသီးတွေကို မြင်တဲ့အခါ မျောက်အုပ်ထဲက မျောက်အိုကြီးတကောင်က "ငါတို့ ငှက်ပျောသီးတွေကို ဒီနေရာမှာ ထားမယ့်အစား ကိုယ့်ဝေစုအလိုက် ကြိုတင်ဝေငှထားရင် မကောင်းဘူးလား။ ဒါမှ ဥပုသ်ထွက်တဲ့အခါ အလုပ်ရှုပ်သက်သာတာပေါ့" လို့ပြောပြန်တယ်။

မျောက်တွေလည်း မျောက်အိုကြီးစကားကို သဘောတူကြပြီး မိမိတို့ရမယ့် ဝေစုကို အသီးသီး ခွဲဝေ ယူထားကြ ပြန်တယ်။

အဲဒီလို ခွဲဝေယူပြီးတဲ့ အခါမှာလည်း အစားမက်တဲ့ မျောက်တကောင်က ဒီလိုပြောပြန်တယ်။

"ဒီလို ဝေစု ခွဲပြီးနေမှတော့ မထူးတော့ပါဘူး တခါ တည်း အခွံပါ နွှာထားလိုက်ကြရအောင်။ ဥပုသ် ထွက်တာနဲ့ အသင့် ကောက်စားလိုက်ရုံပဲ"

အဲဒီအခါ မျောက်တွေလည်း သဘောတူကြပြီး မိမိတို့ရရှိတဲ့ ဝေစုငှက်ပျောသီးတွေကို အခွံနွှာလိုက် ကြပြန်တယ်။

အဲဒီလို နွှာပြီးတဲ့အခါ မျောက်ငယ်လေးတကောင်က "ကျနော်ငှက်ပျောသီးကို အခွံနွှာပြီး ဘယ်နားထားရမှန်းမသိ ဖြစ်နေတယ်။ ကျနော့်ပါးစပ်ထဲ ထည့်ပြီး သိမ်းထားလို့ ရမလားမသိဘူး။ ကျနော် မျိုမချဘူးလို့ ကတိပေးပါတယ်" လို့ ပြောပြန်တယ်။

အဲဒီအခါ မျောက်ခေါင်းဆောင်က "မထူးတော့ပါဘူးကွာ အားလုံးပါးစပ်ထဲမှာ ငှက်ပျောသီးတွေ ထည့်ထားကြ၊ မြိုတော့ မချကြနဲ့" လို့ အမိန့်ပေးလိုက်တယ်။

အဲဒီလိုနဲ့ မျောက်တွေဟာ ငှက်ပျောသီးတွေကို ပါးစပ်ထဲမှာ ငုံပြီး ဥပုသ်စောင့်ကြတယ်။ ဒါပေမယ့် မကြာခင်ကာလမှာပဲ မျောက်တွေအားလုံးရဲ့ ပါးစပ်ထဲက ငှက်ပျောသီးတွေဟာ အသီးသီး ပျောက်ကွယ်သွားကြ ပါတော့တယ်။ မျောက်တွေရဲ့ ဥပုသ်ကြီးဟာလည်း တိတ်တဆိတ်ပဲ ပြီးဆုံးခဲ့တယ်။

တကယ်တော့ ဒီပုံပြင်လေးတွေဟာ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက် မခိုင်မာခြင်း၊ စိတ်ရဲ့ မစောင့်စည်းခြင်းကို ထောက်ပြနေတဲ့ပုံပြင်လေးပဲ ဖြစ်တယ်။

ကျနော်တို့တွေဟာ တစုံတခုကို သင်ခန်းစာရလို့ပဲ ဖြစ်ဖြစ်၊ တွေးတောမိလို့ပဲဖြစ်ဖြစ် မျောက်တွေရဲ့ ဥပုသ်စောင့်လိုစိတ်နဲ့တူတဲ့ "မှန်ကန်တဲ့ဆုံးဖြတ်ချက်" တွေကို ချလေ့ ရှိကြတယ်။

ဥပမာအားဖြင့် ဒီလ ငါ လက်ဘက်ရည်ဆိုင်ထိုင်တဲ့ အချိန်တွေ လျော့မယ်၊ ကိုရီးရားကားကြည့်တာ အချိန်ကုန်တယ် မကြည့်တော့ဘူး၊ အပြင်စာတွေမစားတော့ဘူး အသုံးစရိတ်ချွေတာမယ် စတဲ့ Excuse တွေ ပေးရင်း မျောက်ဥပုသ်ကို စောင့်လေ့ရှိကြသူများပဲဖြစ်တယ်။

ငယ်စဉ်ကာလတုန်းကလို စာသင်နှစ်စမှာ တက်ကြွနေတဲ့ စိတ်ဟာ နှစ်လည်နဲ့ နှစ်ဆုံးမှာ တဖြည်းဖြည်း မျောက်ဥပုသ် ဖြစ်လာကြပြန်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ပြီးခါမှာ ပြန်သောက်မိတဲ့ စိတ်မျိုးဟာလည်း မျောက်ဥပုသ် စိတ်မျိုးပဲ ဖြစ်တယ်။

တကယ်တော့ ရည်ရွယ်ချက် တခုကို အောင်မြင်အောင် ကြိုးစားတဲ့သူဟာ မျောက်ဥပုသ်နဲ့တူတဲ့ ပျော့ညံ့တဲ့၊ မခိုင်မာတဲ့ စိတ်ကို ရဲဝံ့ပြတ်သားသောစိတ်နဲ့ ဖယ်ခွာသင့်တယ်။

တခုခုဆုံးဖြတ်ပြီးရင် ဆင်ခြေဆင်လက် မပေးတော့ပဲ ရည်ရွယ်ချက် အောင်မြင် ပြည့်မြောက်သည်အထိ တစိုက်မတ်မတ် ပြုလုပ်သင့်လှတယ်။ အောင်မြင်သောသူတွေနဲ့ သာမာန်လူတွေကြားရဲ့ အဓိက ကွာဟချက်ဟာလည်း အဲဒီ ဆင်ခြေပေးတတ်တဲ့ မျောက်ဥပုသ် စိတ်မျိုးလို့ ဆိုတယ်။

"ငါမောနေပါစေ၊ ရည်ရွယ်ချက် မပြည့်မချင်း ငါမရပ်ဘူး" ဆိုတဲ့စကားလို ရည်ရွယ်ချက်မပြည့်မချင်း ခိုင်ကျည်သောစိတ်နဲ့ ကြိုးစားဖို့ လိုမှာပဲ ဖြစ်တယ်။ အရှင်စန္ဒာဝရ (တောင်တွင်း)

Post a Comment

0 Comments