သမင်တကောင်ဟာ သစ်ငုတ်တိုတခုပေါ်မှာ ယုန်တကောင် မျက်စိမှိတ်ပြီး ထိုင်နေတာကို တွေ့တော့ သူက မေးတယ်။
"ကိုယုန်၊ ခင်ဗျား ဘာလုပ်နေတာလဲ"
"တရားထိုင်နေတာပါကွာ"
"တရားထိုင်တယ်ဆိုတာ ဘာလဲဗျာ"
"ချမ်းသာ သုခရှာတာ"
"ဘာတွေ ချမ်းသာသလဲ"
"ဘာတွေ ချမ်းသာသလဲ သိချင်ရင် ငါနေတဲ့ ဂူထဲ သွားကြည့်လိုက်"
သမင်က ဂူထဲ ဝင်သွားတယ်။ အသံတွေ ကြားလိုက်ရတယ်။ ပြန်ပြီး တိတ် ဆိတ်သွားတယ်။ အဲဒီအချိန်မှာ တောဝက်တကောင် ရောက်လာပြန်တယ်။
"ယုန် ဘာတွေ လုပ်နေသလဲ"
"တရားထိုင်နေတယ်"
"ဘာလဲကွ တရားထိုင်တယ်ဆိုတာ"
"ချမ်းသာသုခ ရအောင်ပါ"
"ချမ်းသာတော့ ဘာဖြစ်မှာလဲ"
"သိချင်ရင် ဂူထဲ သွားကြည့်လိုက်"
တောဝက် ဂူထဲ ဝင်သွားတယ်။ ဂူထဲမှာ အသံတွေ ကြားလိုက်ရပြန်တယ်။ တိတ်ဆိတ်သွားတယ်။
တနေ့တနေ့ ယုန်ထိုင်နေတာကို လာမေးတဲ့သူတွေ အများကြီး။ လာမေးတိုင်း တရားထိုင်တယ် ပြောတယ်။ သူ့ကို ယုံကြည် လေးစားပြီး သူပြောတဲ့အတိုင်း ဂူထဲ ဝင်သွားရင် ပြန်မထွက်လာတော့ဘူး။ ဂူထဲမှာ ဘာတွေရှိသလဲ။
ဒါကို လိပ်တကောင်က အရမ်းစိတ်ဝင်စားသွားပြီး ယုန်ကို မမေးဘဲ ဂူထဲကို သွားကြည့်တယ်။ ဂူထဲမှာ အရိုးတွေ တောင်လိုပုံနေတယ်။ လိပ်ဟာ ထိပ်လန့်သွားတုန်း အမှောင်ထဲကနေ ကျားတကောင် ထွက်လာတယ်။ လိပ်ကို စားဖို့ပြင်တယ်။
လိပ်က ခေါင်းသွင်းလိုက်တော့ စားလို့ မရတော့ဘူး။ ကျားငစဉ်းလဲက
"ဟေ့ကောင် ယုန်စုတ် မင့် ငါ့ဆီကို ဘယ်လို သတ္တဝါမျိုး ပို့လိုက်တာလဲ။ စားမရ ဝါးမရတွေ မပို့နဲ့ကွာ" လို့ အော်ပြောလိုက်တယ်။
တချို့သော ကိစ္စတွေမှာ အသားစားရဖို့ ဆိုတာ အပြင်ထွက်ပြီး အမဲလိုက်စရာ မလိုဘူး။ တရားထိုင်ပြတဲ့ အကောင်တကောင် မွေးထားလိုက်ရင် သားကောင်ရတယ်။
ယုန်ဆိုတာကလည်း မြင်တာနဲ့ သနားစရာဆိုတော့ ယုန်မွေးစားတဲ့ သူတွေ အများကြီး။ ဂူထဲမှာ အပုပ်နံ့တွေက တထောင်း ထောင်း ထနေတာတောင် ယုန်ပြောတာ ယုံပြီး ဝင်သွားတဲ့ ကောင်တွေကလည်း အများကြီး။
ယုန်ဆိုတာ အသားမစားဘူးလေ။ ဒါပေမဲ့ အသားစားနေတဲ့ ကောင်တွေကို အလုပ်အကျွေး ပြုနေတဲ့ ယုန်လိုကောင်တွေ လောကမှာ အများကြီး။
ခက်တာက ဖြူဖြူစင်စင်နဲ့ တရားထိုင်ချင်ယောင် ဆောင်လိုက်ရင် သူတော်စင်လို့ ထင်ကြတဲ့ လောကမှာ နောက်ကွယ်က ကျားငစဉ်းလဲလို ကောင်တွေက ကောင်းစားနေတာ။
လူ့လောကမှာလည်း တိရစ္ဆာန်လောကမှာလို ကိုယ်က ဥပုသ်စောင့်ပြီး သူများကို အသားရှာကျွေးနေတဲ့ သူတော်ကောင်းယောင်ဆောင်ထားတဲ့ သူတွေ အများကြီး ရှိနေတတ်ပါတယ်။ Nanda Latt
0 Comments