တခါတုန်းက မုဆိုးတယောက်ဟာ တောထဲကို အမဲလိုက်သွားရင်း ရသေ့တပါးတည်း သီတင်းသုံး နေထိုင်တဲ့ တဲအိမ်လေးဆီကို ရောက်သွားခဲ့တယ်။ ရသေ့ကြီးမှာက ထူးခြားစွာပဲ နှာခေါင်း ရှည်နေတယ်။
အဲဒါကို မုဆိုးကြီး မြင်တော့ "အရှင်ရသေ့ကြီးရဲ့ နှာခေါင်းကြီးက ရှည်နေတာပါလား" လို့ ပြောတော့ ရသေ့ကြီးက "အေး ငါ နှာခေါင်းရှည်တာက အရေးမကြီးဘူး မင်းသာ လျှာမရှည်စေနဲ့" လို့ ပြန်ပြော လိုက်တယ်။
မုဆိုးကြီးလည်း အိမ်ပြန်ရောက်တော့ သူ့မိန်းမကို ပြန်ပြောပြတာပေါ့။ "မိန်းမရေ ငါဒီနေ့ တောထဲမှာ ထူးထူးဆန်းဆန်း နှာခေါင်းရှည်နေတဲ့ ရသေ့ကြီးတပါးကို တွေ့ခဲ့တယ်" လို့ ပြောပြလိုက်သတဲ့။
သိတဲ့အတိုင်း ဗူးတရာသာ ပိတ်ဆို့ဖို့ လွယ်ပေမဲ့ ပါးစပ်ပေါက် တခုကိုတော့ ပိတ်ဖို့ရာ မလွယ်ဘူးလေ။ လူတွေရဲ့ အဲ့ဒီစကားဟာတဆင့်စကား တဆင့်နားနဲ့ပဲ ဘုရင်ကြီး ကြားသွားခဲ့တယ်။
ဒါပေမယ့် ဘုရင်ကြီးက မယုံပါဘူးတဲ့။ အဲ့ဒါကို ဘယ်သူ ပြောတာလဲပေါ့။ "ပြောသူ ငါ့ရှေ့တော်ကို ခေါ်လာစေ" ဆိုတော့ မူးမတ်တို့လည်း ပြောသူ မုဆိုးကြီးကို ဘုရင့်ဆီ ခေါ်လာခဲ့ကြရတယ်။
မုဆိုးကြီးက တောထဲမှာ သူ တကယ် တွေ့မြင်ခဲ့ရတယ်လို့ ဘုရင်ကြီးကို ပြောပြတော့ "အဲဒါဆို ရသေ့ကြီးကို ငါ့ဆီ ပင့်ခဲ့စေ" ဆိုတော့ မုဆိုးကြီးလည်း တောထဲက ရသေ့ကြီးကို သွားပင့်ပြ ရတော့တာပေါ့။ မပြရင်လည်း ဘုရင့်အမိန့် ဖီဆန်ရင် သေမိန့် ပေးသတဲ့။
ရသေ့ကြီးက "ငါ လမ်းမလျှောက်နိုင်လို့ ချီခေါ်ရင် လိုက်မယ်" ဆိုတော့ မုဆိုးလည်း ရသေ့ကြီးကို ချီပြီး ခရီးဝေးကြီးကို ပင်ပန်းစွာ လာခဲ့ရတယ်။
နန်းတော်ရောက်တော့ ဘုရင်ကြီးက မြင်ပြီး "အော် ဟုတ်ပါ့ရောလား ကိုင်း ငါကိုယ်တော် ယုံပြီမို့ သွားပြန်ပို့စေ" လို့ ဆိုပြန်တော့ မုဆိုးကြီးလည်း ရသေ့ကြီးကို ချီပြီး ပြန်ပို့ရရှာတယ်။
ရသေ့ကြီးနေတဲ့ တဲကိုလည်း ရောက်ရော မုဆိုးကြီးမှာ သေမတတ် မောပန်းနေလို့ တဲပေါ်မှာ ပက်လက်လန် သွားတယ်။
အဲဒီမှာ ရသေ့ကြီးက ပြောတယ်။ "ငါ မင်းကို မှာလိုက်ပါရောလား။ ငါ နှာခေါင်းရှည်တာ အရေးမကြီးဘူး မင်း လျှာမရှည်နဲ့ ဆိုတာကို ခုတော့ ဒုက္ခ ခံရပြီမဟုတ်လား" လို့ ပြောလိုက်ပါတယ်။ crd
0 Comments