ရည်းစားဘဝမှာ တူဂဲသားကြပြီဆိုရင်

သမီးရည်းစားတွေ တွဲတာ ကြာလာတဲ့အပြင် တယောက်အကြောင်း တယောက်သိပြီး လင်လို မယားလို ဖြစ်နေရင် လက်ထပ် ကြပါ။ အချိန်တွေ ဆွဲပြီး တွဲနေတာ ယောက်ျားလေးဘက်က မနစ်နာပေမယ့် မိန်းကလေးဘက်က နစ်နာပါတယ်။

အချိန်တန်ရင် ခေါ်အိပ်လိုက် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းကလေးတွေ လက်ဆုပ်လက်ကိုင် ပြစရာ ယောက်ျားသာ မရှိတာ အိမ်ထောင်သည် မိန်းမကြီးတွေနဲ့ တူပြီး Snare သီချင်းထဲကလို ဂျုံးဂျုံးကျနေပြီ။

နိုင်ငံခြားတွေကို အားကျပြီး တယောက်အကြောင်း တယောက်သိအောင် တယောက်ရဲ့ စရိုက်တွေ တယောက် လေ့လာနိုင်အောင် living together နေကြပြီး တခါတလေ သွေးသားဆန္ဒအရ အတူနေမိ အတူအိပ်မိတာကို ဒီဘက်ခေတ်မှာ နားလည်ပေးရပါမယ်၊ လက်ခံပေးရပါမယ်။ (ဘဝမှာ မကျူးလွန်ပဲ ထိန်းသိမ်းနိုင်ရင်တော့ ယောက်ျားလေးရော မိန်းကလေးရော တန်ဖိုးအရှိဆုံးပါ)

အခုဟာက living together ဆိုတာ ဆက်စ်ကိစ္စ တခုတည်းကိုသာ ဦးတည်နေပြီး အချိန်တန်ရင် ဖုတ်ဖတ်ခါပြီး ကိုယ့်အိမ်ကိုယ် ပြန်သွားကြ၊ တွေ့တဲ့အချိန်တိုင်းလည်း ဒီကိစ္စကိုပဲ ဦးတည်နေကြတော့ တယောက်ကို တယောက် လေ့လာဖြစ်ကြသလား မလေ့လာဖြစ်ကြလားတော့ မသိ။

တချို့မိန်းခလေးတွေကလည်း မိမိကိုယ်ကို တန်ဖိုးမထားတတ်သလို ကဲလွန်းတယ် ဆိုရင် မမှားပါဘူး။ ယောကျာ်းလေးကိုပဲ အပြစ်ပြောနေလို့ မရပါဘူး။ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည်တာပါ။

အဲဒီလို Relationship တွေက ဒီလိုနဲ့ နှစ်တွေကြာလာ (တချို့ဆိုလပိုင်းလောက်ပဲ) ရိုးအီသွားပြီး နောက်တယောက်ဆီ ခြံခုန်လို့ရမယ့် အကွက်တွေမြင်တော့ "မင်းနဲ့ငါ ဆက်တွဲလို့ အဆင်မပြေတော့ဘူး၊ မင်းနဲ့ငါ ပြတ်ပြီ" ဆိုတဲ့ စကားလေးတွေနဲ့တင် ကိုယ့်ဘဝကြီး တခုလုံးကို အစိတ်စိတ် အမွှာမွှာ ဖြိုခွဲသွားပါလိမ့်မယ်။

မိန်းမအများစုက ကိုယ့်ချစ်သူကို အပစ်မရှိတဲ့ ရိုးစင်းတဲ့ ယုန်သူငယ်လေးတွေလို မြင်ကြသလို ကိုယ့်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေး ကာကွယ်ပေးမယ့် သူရဲကောင်းကြီးတွေလိုလည်း အားကိုးကြပါတယ်။ သူများက မကောင်းပြောရင် သတိပေးရင် လက်မခံကြပါဘူး၊ မကြိုက်ပါဘူး။

သေချာတာကတော့ စွန့်ပစ်ခံထားခဲ့ခံရတဲ့ မိန်းမတွေလည်း တချိန်ကတော့ ငါ့ချစ်သူက ဒီလို ယောက်ျားမျိုး မဟုတ်ဘူး ဒီလိုလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြဖူးပါတယ်။ အဲဒီ ယုံကြည်မှုတွေကပဲ ရှုံးပြီးရင်း ရှုံးအောင် တွန်းပို့ခဲ့ကြတာပါ။

ဒီခေတ်က ကိုယ့်လက်ထဲ ရောက်နေရင်တောင် ဘယ်သူ လာနှိုက်မလဲလို့ ရင်ပူရတဲ့ခေတ်ပါ။ ကိုယ့်လက်ထဲလည်း မရောက်သေးတဲ့အပြင် ဘဝနဲ့ရင်းပြီးပါ ချစ်ပြထားရင်တော့ အချိန်တန်ရင် ဆုံးရှုံးရမှာ ကိုယ်ပါ၊ နာကျင်ရမှာ ကိုယ်ပါ၊ နာကြည်းရမှာ ကိုယ်ပါ။

အဲ့ဒီတော့ ယောက်ျားလေးကလည်း မိန်းကလေးဘက်ကို ထည့်တွက်ရင် အချိန် အကြာကြီးဆွဲပြီး မတွဲသင့်ဘူး။ ငါ့ကို ဒီဘဲက အရမ်းချစ်တာ ငါ့လက်က ရုန်းနိုင်မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို သွေးနားထင် မရောက်ပါနဲ့နော်။ (ယောက်ျားတွေက ဒီနေ့မှာ ကိုယ့်ကို နတ်သမီးလို့ မြင်ပေမယ့် နောက်တနေ့မှာ ရွှေကြာလို့လည်း မြင်နိုင်ပါတယ်)

အဲ့ဒီတော့ တွဲလာတာ ကြာနေပေမယ့် ရှေ့ရေးတွေ နောက်ရေးတွေ စဉ်းစားနေရလို့ မယူနိုင်သေးဘူး ဆိုရင် သူထားခဲ့တဲ့ အချိန် ကိုယ်ကျန်ခဲ့ရမယ့် အရေးထက် ဘယ်ဟာကမှ အရေးပိုမကြီးနိုင်ဘူး ဆိုတာလည်း ထည့်တွေးပါ။

ကိုယ်က တယောက်မကောင်းတော့ နောက်တယောက် ပြောင်းချစ်၊ နောက်တယောက်ကလည်း ဒီအချိုးတွေပဲ ဆိုရင် အသက်ကသာ ကြီးပြီး အခွံဘဝသာ ကျန်တယ် တန်ဖိုးထား ခံရခြင်းဆိုတဲ့ အရသာကို မသိလိုက်မှာ စိုးလို့ပါ။

ယောက်ျားလေးဘက်က ဖေဖေတွေ မေမေတွေ အကြောင်းပြပြီး အချိန်ဆွဲနေရင်တော့ အခြေအနေ သိပ်မကောင်းပါဘူး။ ဒီနေ့ခေတ် မေမေတွေက သားတွေနဲ့ ပွင့်လင်းမြင်သာ ဆွေးနွေးမှုရှိပြီး သားနဲ့အမေ အရာရာ တိုင်ပင်ပြီး လှုပ်ရှားကြတာပါနော်။

အနာရှိရင်တော့ စပ်ပါမယ်။ စပ်စေချင်လို့ ဆားဖြူးတာ မဟုတ်ပါဘူး။ ထားခဲ့ခံရလို့ လာပြီးရင်ဖွင့်တဲ့ မိန်းကလေးတွေ များလာတာရယ် တချို့မိန်းကလေးတွေ ထပ်ပြီး ထားခဲ့ခံရမှာ စိုးတာရယ်ကြောင့် သတိပေးတာပါ။

Living together ကို လက်ကိုင်ထားတယ် ဆိုရင်လည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ တူဂဲသားနိုင်ကြပါစေ။ မိန်းမတိုင်းကိုလည်းမဆိုလို၊ ယောက်ျားတိုင်းကိုလည်းမဆိုလိုပါ။ crd

Post a Comment

0 Comments