တိန်ညင်ကြက်တွေဟာ သူတို့ရဲ့ ဥကို သူတို့ တယုတယ စောင့်ရှောက်ကြတယ်။ တာဝန်အပြည့်အဝ ယူကြတယ်။
သူတို့တွေရဲ့ ဥတွေ အကောင်မပေါက်မခြင်း ဘယ်တော့မှ စွန့်လွှတ်လေ့မရှိဘူး။ တိန်ညင်ကြက်မတကောင်ဟာ သူတို့ရဲ့ဥကို အသက်လောက် တန်ဖိုးထား ကြသူတွေပဲ ဖြစ်တယ်။
ဘဲတွေကတော့ အပေါ်ကပြောတဲ့ ကြက်တွေနဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်တယ်။ ဘဲမတကောင်ဟာ ဥဥတုန်း ခဏလေးပဲ သူ့ဥကို စိတ်ဝင်စားတယ်။
အဲဒီတခဏ လွန်မြောက်သွားတဲ့ အခါမှာတော့ ဘဲမက နဂိုအတိုင်း တောင်သွား၊ မြောက်သွား ပြန်ဖြစ်လာတယ်။ အကောင်ပေါက်လာမှ သားပေါက်ဘဲကလေးတွေက သူ့အမေနောက်ကို တကောက်ကောက် တန်းစီပြီး လိုက်ကြတယ်။
အဲဒီလို တာဝန်ကျေလွန်းတဲ့ တိန်ညင်ကြက်မကြီးရဲ့ ဥတွေကို ခိုးယူပြီး ဘဲဥတွေ ထည့်ထားလိုက်ရင် ဘယ်လိုတွေ ဖြစ်မလဲ။ ဘဲပေါက်လေးတွေက တိန်ညင်ကြက်မရဲ့ သားသမီးတွေအဖြစ် အကောင်ပေါက်လာကြတယ်။ ဘဲပေါက်လေးတွေဟာ ဥကနေ ပေါက်ပေါက်ခြင်းပဲ စပြီး ဒုက္ခ တွေ့တယ်။
ဘဲတွေရဲ့ သဘာဝအရ မိခင်သွားရာနောက်ကို အတန်းလိုက် တသွေမတိမ်း တဖြောင့်တည်း လျှောက်တတ်ကြတယ်။ ဘဲကလေးတွေ အမေလို့ သတ်မှတ်ထားတဲ့ တိန်ညင်ကြက်မက ဘဲတွေလို ဖြောင့်ဖြောင့်တန်းတန်း ဘယ်တော့မှ မသွားဘူး။ ဇစ်ဇက်သွားတယ်။ ဦးတည်ရာ အရပ်ကို ချက်ချင်းပြောင်းတယ်။
တနေရာမှာ အင်းဆက်နဲ့ စားစရာတွေ့ရင်လည်း လှည့်ပတ် ရှာနေသေးတယ်။ အဲဒီအတွက် နောက်က လိုက်ရတဲ့ ဘဲပေါက်လေးတွေဟာ ရှုပ်ထွေးလာကြတယ်၊ ဦးနှောက် ခြောက်လာကြတယ်။
ဘဲပေါက်လေးတသိုက်ဟာ အမေ ကြက်မနောက်ကို လိုက်ဖို့ ကြိုးစားရင်း ဂွတီးဂွကျတွေ ဖြစ်ကြရှာတယ်။ ဖရိုဖရဲတွေ ဖြစ်ကြတယ်။
သူတို့အတွက်တော့ အမူးသမားနဲ့ ဘယ်ညာညီအောင် ညှိပြီး လမ်းလျှောက်နေရတာနဲ့ တူနေတယ်။ တောင်ရောက် မြောက်ရောက်၊ ဂွတီး ဂွကျတွေ ဖြစ်ကြတယ်။
အဲဒီလိုနဲ့ သူတို့ ရေအိုင်ကို ရေသောက်သွားကြတယ်။ တိန်ညင်ကြက်မက သူတို့ သားသမီးတွေကို ရေအိုင်ကို ဦးဆောင်ခေါ်သွားတယ်။
ငါ့သားသမီးတွေ အစားအသောက် စားပြီး ရေလေးတိုက်ဦးမှလို့ ကြက်မက စဉ်းစားတယ်။ သူ့သားသမီး ဘဲကလေး တွေကို ရေအိုင်မှာ ရေသောက်ဖို့ ခေါ်သွားကြတယ်။
ကြက်တွေ သဘာဝအရ အင်းဆက်ပိုးမွှားတွေ ရှာဖွေစားသောက်ပြီးတဲ့အခါ ရေသောက်ဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့်လည်း ရေအိုင်ကို ရောက်တဲ့အခါ ဘဲပေါက်လေးတွေက ရေသောက်ရမယ့်အစား ရေထဲကို အားပါးတရ ဆင်းကြတယ်။ လှည့်ပတ် ကူးခတ်ကြတယ်။
အဲဒီတကြိမ်တော့ ဒုက္ခရောက်တဲ့ သူဟာ ကြက်မပဲ ဖြစ်တယ်။ ရေမကူးတတ်တဲ့ ကြက်မဟာ သူ့သားသမီးတွေ ရေနစ်နေပြီ အထင်နဲ့ ရေအိုင်ကို ပတ်ပြီး ဆောက်တည်ရာမရ ပြေးလွှားတယ်။
တကွတ်ကွတ် အော်တယ်။ ကတော်သံ ပေးတယ်။ ဟဲ့ ကလေးတွေ အပေါ် တက်ခဲ့ကြစမ်း၊ အကုန် ရေနစ်သေကုန်မယ် လို့ ပြောပုံရတယ်။ ကြက်ပဋာမြေလူး ဖြစ်တယ်။
အဲဒီအချိန်မှာ ရေအိုင်ထဲမှာ ကူးနေတဲ့ ဘဲလေးတွေက နားလည်ရခက်တယ်။ ငါတို့အမေ ဘာလို့ ဆပ်ဆလူးခါ နေတာလဲလို့ သူတို့ စဉ်းစားနေကြတယ်။ တကယ်တော့ ကြက်ကကြက်၊ ဘဲကဘဲ။ အတွေးအခေါ် အယူအဆ မတူရင်၊ Type မတူရင် တလမ်းထဲ သွားလို့ မရဘူး။ follow လုပ်ဖို့ အဆင်မပြေဘူး။
ကိုယ်ပျော်ရွှင်နေရင် သူတို့က "ရေတိမ်နစ်နေတယ်" ထင်ချင် ထင်နေကြသလို၊ သူတို့ စိုးရိမ်နေရင်လည်း ကိုယ်က "ဆပ်ဆလူးခါတယ်" ထင်နေတတ်တာပဲ။ အပေးအယူ မျှဖို့ဆိုတာ အနည်းဆုံးတော့ အခြေခံအတွေးအမြင်နဲ့ သဘာဝတူဖို့ လိုပါတယ်။ ဖြိုးသုတ
0 Comments