အချိန်က အမှန်တရားကို သိစေတယ်

အချိန်ဟာ မျှတပါတယ်။ လူတိုင်းကို တရက် ၂၄ နာရီပဲ ပေးထားပါတယ်။ တန်ဖိုးထားတဲ့သူ တန်ဖိုးဖြစ်သွားသလို ဖြုန်းတီးတဲ့သူအတွက် ဘဝပါ ပြုန်းတီး သွားစေပါတယ်။

အချိန်ဟာ လက်တွေ့ကျပါတယ်။ အတိတ် ဘယ်လောက်ကောင်းကောင်း ပြန်သွားလို့ မရတော့သလို၊ အနာဂတ် ဘယ်လောက်ဆိုးဆိုး၊ ရှေ့ မတိုးလို့ မရပါ။

ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ရင် အတိတ်ကိုလည်း မဖက်တွယ်၊ အနာဂတ်ကိုလည်း မတောင့်တ၊ ပစ္စုပ္ပန်တည့်တည့်ကို ရှုတတ်ပါမှ အကျိုးဖြစ်ထွန်းပါမယ်။

အချိန်ဟာ အဆုံးအဖြတ် ပေးပါတယ်။ ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ်၊ သွားရင်းသွားရင်းနဲ့ နီးသွားပါတယ်။ ဘယ်လောက်မြင့်တဲ့ တောင်ပဲဖြစ်ဖြစ်၊ တက်ရင်းတက်ရင်းနဲ့ ဖဝါးအောက် ရောက်သွားပါတယ်။ ဘယ်လောက်ခက်ခဲတဲ့ အခက်အခဲ ဖြစ်ဖြစ်၊လုပ်ရင်း လုပ်ရင်းနဲ့ အဆင်ပြေသွားပါတယ်။

ဒုက္ခကြုံဖူးမှ ရင့်ကျက်ကြီးပြင်းသလို၊ စိတ်ဒုက္ခ ခံစားဖူးမှ ပိုမိုကြံ့ခိုင်တတ်ပါတယ်။ ပစ္စုပ္ပန်မှာ ပင်ပန်းနွမ်းနယ်မှုလို့ ထင်နေရတဲ့ ခံစားချက်များဟာ တချိန်ချိန်မှာ အင်အားဖြစ်သွားစေတတ်ပြီး

အောင်မြင်မှုကို ဖန်တီးခံစားသွားစေတတ်သလို အာဏာနဲ့ စည်းစိမ်ကို ယစ်မူးပြီး၊ ဘဝင်တက်နေသူများအဖို့ တချိန်ချိန်မှာ ဒုက္ခ ပြန်ရောက်သွားစေ တတ်ပါတယ်။

အချိန်ဟာ အမှန်တရားကို သိစေပါတယ်။ ဘယ်သူက ကိုယ့်အပေါ် တကယ်ကောင်းတယ်၊ ဘယ်သူက ကိုယ့်အပေါ် ဟန်ဆောင်ကောင်းတယ်၊ ဘယ်သူက ဆွေမျိုး၊ ဘယ်သူကတော့ ရွှေမျိုး ရှင်းရှင်းလင်းလင်း မဟုတ်တာတောင်မှ အချိန်ကြာလေ ပိုမို အသိဝင်လာလေ ဖြစ်တတ်ပါတယ်။

အချိန်ဟာ တရားကိုလည်း ပြပါတယ်။ ဓနဥစ္စာတို့ဟာ ခန္ဓာကိုယ်ပြင်ပက ပစ္စည်းများသာ ဖြစ်တယ်။ မွေးတုန်းက ပါမလာသလို၊ သေတော့လည်း ပါမသွားပါဘူး။ ရာထူးပါဝါနဲ့ ကျော်ကြားမှုတွေဟာလည်း လှပတဲ့ အိပ်မက်လေးလိုပါ။ အိပ်မက်ဆိုတာနိုးသွားရင် အားလုံးပျောက်ပါတယ်။

အချိန်ဟာ အနိစ္စတရားအတွက် အကောင်းဆုံး သက်သေပါ။ အချိန်ဟာ သင်ခန်းစာလည်း ပေးပါတယ်။ လူဆိုတာ အသက်တရာ မနေရပေမဲ့ အမှုတရာ တွေ့ရတတ်ပါတယ်။ အတွေ့အကြုံတိုင်းဟာ အသိတိုးစေတတ်သလို ပြဿနာတိုင်းဟာလည်း စိတ်ဓာတ်ပိုမို ကြံ့ခိုင်စေတတ်ပါတယ်။

ဆုံးရှုံးသွားတဲ့သူများ ယူကျုံးမရ ဖြစ်စရာမလိုသလို ရယူပိုင်ဆိုင်သွားသူများ ဝင့်ကြွားစရာ အကြောင်းမရှိပါ။ ကိုယ့်ဘဝလမ်းကို ကိုယ်ရွေးချယ်ပြီး လျှောက်လှမ်းကြမယ်။ သူများသွားနေတဲ့လမ်း အတင်းဝင်တိုးစရာ အကြောင်းမရှိပါ။

သင် သူများလမ်းကြောင်းရဲ့ ညီညာမှုကို အားကျနေတဲ့ အခိုက်မှာ သူများကလည်း သင့်တောင်ပေါ်လမ်းရဲ့ ရှုခင်းကို အားကျနေမှာပါ။ တကယ်လို့ သင်အလုပ်အတွက် ပင်ပန်းတယ်လို့ ခံစားနေရရင် သင်မှန်နေပါပြီ။ သင်ဘဝရှေ့ ရေးအတွက် လုံးပမ်းနေတယ်လေ။

သင် သူများကို လိုက်မမီဘူးလို့ ခံစားနေရင် သင်မှန်နေပါပြီ၊ သင် ပိုမိုကောင်းမွန်အောင် ဆက်တိုက် ကြိုးစားနေတယ်လေ။

သင် တအား ပင်ပန်းတာပဲလို့ ခံစားနေရရင် သင်မှန်နေပါပြီ၊ သင်ဟာ အတက်လမ်းကို လျှောက်လှမ်းနေပြီလေ။ သင်ပေးဆပ်သမျှ အချိန်ဟာ အားလုံးကို ပြန်လည် သက်သေပြသွားမှာပါ။ Aung Ko Latt

Post a Comment

0 Comments