တခါတုန်းက ရှေ့ဖြစ်ဟော ပရောဟိတ်ဆရာ တယောက်ဟာ မြို့ကြီးတမြို့မှာ ထူးခြားဆန်းကျယ်တဲ့ ကြိုးထုံးကြီး တခုကို ချည် နှောင် ချိတ်ဆွဲထားလေတယ်။
ပြီးတော့ ဒီလို နမိတ်ဖတ်လိုက်တယ်။ "ဒီကြိုးထုံးကို ဖြည်နိုင်တဲ့သူဟာ မင်းဧကရာဇ် စင်စစ် ဖြစ်လာပေလိမ့်မယ်" တဲ့။
လူတော်တော် များများက ဇွဲကောင်းကောင်းနဲ့ ကြိုးထုံးကို ကာလရှည်ကြာစွာ လာရောက် ဖြည်ကြတယ်။ ဒါပေမယ့် ကြိုးထုံးကို ဖြည်နိုင်မယ့် သူဟာ မပေါ်လာခဲ့ပါဘူး။
အဲ့ဒီကာလမှာ စစ်တိုက်ရာမှာ နာမည်ကျော်ကြားပြီး အောင်ပွဲတွေကို အမြဲရယူခဲ့တဲ့ စစ်သူကြီးတဦးဟာ ကြိုးထုံးရဲ့ နမိတ်ဖတ် စကားကို ကြားထားပြီးသူ ဆိုတော့ သူ့ရဲ့တပ်ကို ဦးဆောင်ပြီး အဲ့ဒီမြို့မှာ စခန်းချနေချိန် အကြိမ်ကြိမ် ကြိုးထုံးကို သွားဖြည်ဖို့ ကြိုးစားလေတယ်။
သူဟာ ၄၊ ၅ လကြာအောင် နည်းပေါင်းစုံသုံးပြီး ကြိုးထုံးကို ပြေဖို့ မရေမတွက်နိုင်အောင် ကြိုးစားတယ်။ ဒါပေမယ့် သူလက်တွေသာ ပွန်းရှ စုတ်ပြတ် ကုန်တယ်။ အောင်မြင်မှု မရခဲ့ရှာပါဘူး။
ဒီလိုနဲ့ တနေ့မှာတော့ ကြိုးထုံးသွားဖြည်လို့ မအောင်မြင်တာနဲ့ ခံပြင်းလာပြီး ဒေါသကလည်းထွက်၊ ကြိုးထုံးကြီးကို မုန်းမုန်းနဲ့ ကြည့်ပြီး
"ဒီကြိုးထုံးကို ငါ ဘယ်တော့မှ မမြင်ချင်တော့ဘူး" လို့ ပြောပြီး လှည့်အထွက်မှာ လင်းကနဲ ဦးနှောက်ထဲမှာ အတွေးတချက် ပေါ်လာတယ်။
အဲဒါနဲ့ ခါးမှာ အမြဲချိတ်ထားတဲ့ ဆောင်ဓါးကို ဆွဲထုတ်လိုက်ပြီး ကြိုးထုံးကို တချက်ထဲ ခုတ်ချထည့်လိုက်တယ်။ ကြိုးထုံးကြီးလည်း ထက်ပိုင်း ကွဲသွားပြီး ပြေထွက်သွားတော့တယ်။ ထိုသူဟာ စစ်သူကြီး အလက်ဇန်းဒါးပဲ ဖြစ်ပါတယ်။
ကျမတို့ ကိုယ်တိုင်လည်း ဘဝကို သင်္ချာလို သတ်မှတ်ပြီး တခါတရံမှာ အဖြေမထွက်တဲ့ ပုဒ်စာကိုဘဲ အဖန်တလဲလဲ တွက်နေမိတတ်တယ်။
လောကကြီးမှာ တခါတခါ အကျပ်အတည်းတွေ၊ အဖုအထစ်တွေ၊ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ လာချိန်မှာ လမ်းရိုးအတိုင်း မလိုက်ကြဘဲ သတ်မှတ်ထားတဲ့ စည်းကမ်းတွေရဲ့ အပြင်ဘက်ကနေ
ဆုံးဖြတ်ချက် ရဲရဲဝံ့ဝံ့ချပြီး ကြိုးစားကြည့်လိုက်တဲ့ အခါမျိုးကြမှ အထုံးပြေ အောင်မြင်သွားတတ်တာမျိုး ကြုံရတတ်တယ်ဆိုတာ ဒီအကြောင်းအရာလေးက သာဓက ပြထားတာပါ။ မြသွေးနီ
0 Comments