တခါတုန်းက နယ်တကာကို လှည့်လည်ပြီး မြွေလမ္ပာယ်ပြပြီး အသက်မွေးရသူတဦး ရှိပါသတဲ့။ သူဟာ မြွေလမ္ပာယ်တင်မက တခါတရံမှာလည်း မျောက်ပွဲပြလေ့ ရှိတာကြောင့် မျောက်တကောင်ကိုပါ မွေးမြူထားခဲ့တယ်။
သူဟာ မျောက်နဲ့ မြွေတင်မက ဆိတ်တကောင်ကိုပါ ပိုင်ဆိုင်တာကြောင့် သွားလေရာ အရပ်ကို မြွေ၊ မျောက်၊ ဆိတ်တို့ကို ခေါ်ဆောင်သွားလေ့ ရှိတယ်။
သူဟာ ခရီးသွားလာတဲ့ အခါမျိုးမှာတော့ မြွေကို အဖုံးပါတဲ့ ခြင်းတောင်းတခုထဲကို ထည့်ပြီး ခေါင်းပေါ်မှာရွက်၊ မျောက်ကို ပုခုံးပေါ်မှာ တင်ပြီး၊ ဆိတ်ကို ကြိုးနဲ့ဆွဲကာ ခရီးသွားလာလေ့ ရှိတယ်။ အဲဒီလိုနဲ့သူဟာ နယ်တကာလှည့်ပြီး မျောက်ပွဲတလှည့်၊ မြွေလမ္ပာယ်တလှည့်စီ ပြပြီး အသက်မွေးတယ်။
တနေ့တော့ သူဟာ မြို့တမြို့မှာ သွားရောက်ဖျော်ဖြေဖို့ ခရီးထွက်လာခဲ့ ပြန်တယ်။ အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ်မှာတော့ အင်မတန် ရေစီးကြမ်းတဲ့ ချောင်းတခုကို ဖြတ်သန်းဖို့ ဖြစ်လာတယ်။
ချောင်းဟာ ရေစီးသန်ပေမယ့် ရေကတော့ ခါးလယ်လောက်သာ ရှိတဲ့အတွက် သူဟာ ချောင်းကို ဒီအတိုင်းပဲ ဖြတ်ကူးဖို့ ဆုံးဖြတ်လိုက်တယ်။
မြွေလမ္ပာယ်ဆရာဟာ မြွေထည့်ထားတဲ့ ခြင်းတောင်းကို ခေါင်းပေါ် ရွက်လိုက်တယ်။ မျောက်ကို ပုခုံးပေါ်တင်ပြီး ကြိုးနဲ့ ဆွဲလာတဲ့ ဆိတ်ကိုတော့ ပွေ့ပိုက်ပြီး သယ်ဆောင်လာတယ်။ "ဒီအတိုင်းဆို အဆင်ပြေပြီ" လို့ သူ့ကိုယ်သူ ပြောနေခဲ့တယ်။
အဲဒီနောက်မှာတော့ မြွေလမ္ပာယ်ဆရာဟာ ချောင်းကို စတင်ဖြတ်ကူးတယ်။ အတော်အတန် ဖြတ်ကူးမိတဲ့အခါမှာတော့ ချောင်းရေဟာ သူထင်ထားတာထက် ပိုပြီး ရေစီးသန်တယ်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် သူဟာ ပွေ့ပိုက်လာတဲ့ ဆိတ်ကို ပိုမိုပြီး ခပ်တင်းတင်း ပွေ့ဖက်ထား ပြန်တယ်။
အဲဒီအချိန်မှာပဲ ပြဿနာတခု စဖြစ်လာခဲ့တယ်။ မျောက်ဟာ ဘာသာဘာဝအလျောက် စပ်စုတတ်တဲ့အတွက် မြွေခြင်းတောင်းကို ဖွင့်ကြည့်တယ်။ ခြင်းတောင်းကို ဖွင့်လိုက်တဲ့အတွက် မြွေဟာ ခြင်းတောင်းထဲက ခေါင်းပြူထွက်လာတယ်။
မြွေဟာ တရှူးရှူးနဲ့ နှာမှုတ်ပြီး မျောက်ကို ရန်ရှာပြန်တယ်။ မျောက်ဟာ ကြောက်လန့်တကြားနဲ့ ပုခုံးပေါ်ကနေ ဆိတ်ပေါ်ကို ခုန်ဆင်းတယ်။ ဆိတ်က ရုန်းကန်တဲ့အခါ မျောက်ဟာ ရေထဲကို ပြုတ်ကျသွားပြန်တယ်။
မြေလမ္ပာယ်ဆရာဟာ မျောက်ကို ဆယ်ယူဖို့အတွက် ဆိတ်ကို ပွေ့ထားတဲ့ လက်တဖက်ကို လွှတ်လိုက်တဲ့အခါ ရုန်းကန်နေတဲ့ဆိတ်ပါ ရေထဲကို ပြုတ်ကျသွားပြန်တယ်။ မြွေလမ္ပာယ်ဆရာလည်း ဆိတ်ကို လှမ်းအဆွဲမှာ ဟန်ချက်ပျက်ပြီး ခေါင်းပေါ်က မြွေတောင်းပါ ရေစီးထဲကို မြောသွားခဲ့ရတယ်။
ချောင်းတဘက်ကို ရောက်တဲ့အခါမှာတော့ သူရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ မြွေ၊ မျောက်နဲ့ ဆိတ်တို့ မရှိတော့တာကြောင့် သူဟာ ငိုကြွေးခဲ့ ပါတော့တယ်။
ကျနော်တို့တွေဟာ ရေစီးကြမ်းတဲ့ ချောင်းနဲ့တူတဲ့ ဘဝရဲ့ ရေစီးကြမ်းကို ဖြတ်ကူးနေရတဲ့ မြွေလမ္ပာယ်ဆရာတွေပဲ ဖြစ်တယ်။ စားဝတ်နေရေးတွေကို ပုခုံးပေါ်မှာ ထမ်းလို့တဖုံ၊ ရင်ခွင်မှာ ပိုက်လို့တသွယ် သယ်ဆောင်ရင်း ကြမ်းတမ်းတဲ့ ဘဝရေစီးကြောင်းကို အန်တု ဖြတ်သန်းနေကြသူများပဲဖြစ်တယ်။
အဲဒီလေးလံတဲ့ စားဝတ်နေရေးတွေကြောင့်ပဲ ကိုယ့်ရဲ့ ဘဝခရီးလမ်းဟာ ဟန်ချက်ညီဖို့အတွက် အလွန်ပဲ ခက်ခဲနေပြန်တယ်။အဲဒီလို ကြမ်းတမ်းခက်ခဲတဲ့ ဘဝရေစီးကြောင်းထဲမှာ ဟန်ချက်ညီအောင် ကြိုးစားဖြတ်သန်းရင်းနဲ့ ကျနော်တို့ရဲ့ စိတ်အစဉ်ဟာ အငြိမ်မနေတဲ့ မျောက်လို လှည့်လည်ကျက်စားပြန်တယ်။
ဒါကြောင့် ဂနာမငြိမ်တဲ့စိတ်ရဲ့ လိုအင်တိုင်းကို မထိန်းသိမ်းနိုင်ခဲ့ရင် ဟန်ချက်ညီနေတဲ့ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေးတွေဟာ ဟန်ချက်ညီမှုတွေ ပျောက်ဆုံးကုန်ပြီး ရေစုန်မျောကြရမှာပဲ ဖြစ်တယ်။ ဖြိုးသုတ
0 Comments