ဉာဏ်ကောင်းသော မိန်းမပျိုလေး

တခါတုန်းက ရွာလေးတရွာရဲ့ အနီးနားမှာရှိတဲ့ ယာခင်းလေးထဲမှာ အသက် ၅၀ အရွယ် ဖခင်ကြီးနဲ့ ၁၀ နှစ်အရွယ် သမီးငယ်လေးတို့ဟာ ဟင်းသီးဟင်းရွက်လေးတွေနဲ့ ရာသီနှံလေးတွေ စိုက်ပျိုးရင်း နေထိုင်ကြသတဲ့။

အဲ့ဒီလို နေထိုင် လုပ်ကိုင်ကြရင်း ဖခင်ဖြစ်သူ မကျန်းမမာဖြစ်တော့ ဆေးဝါးကုသဖို့အတွက် သူဋ္ဌေးကြီးတဦးဆီကနေ ငွေချေးပြီး ဆေးကုသခဲ့ရတယ်။

ဖခင်ဖြစ်သူ ကျန်းမာရေး ပြန်ကောင်းလာတော့ အရင်လိုဘဲ ယာခင်းလေးထဲမှာ လုပ်ကိုင် စားသောက်လာကြရင်း သမီးဖြစ်သူလည်း အရွယ်ရောက်လာတဲ့အခါ လိမ္မာရေးခြား ရှိပြီး အင်မတန်မှ ချောမောလှပတဲ့ မိန်းမပျိုလေးအဖြစ်နဲ့ ဂုဏ်သတင်း မွှေးပျံ့နေပါ သတဲ့။

အဲ့ဒီလို ချောမောလှပတဲ့ သမီးပျိုလေးအသက် ၁၈ နှစ် ရောက်တဲ့အချိန်မှာ ဖခင်ကြီး ကျန်းမာရေး မကောင်းတုန်းက ငွေချေးထားတဲ့ သူဋ္ဌေးကြီးက ယာခင်းလေးထဲ ရောက်လာပြီး ချေးထားတဲ့ငွေကို ပြန်လာတောင်းတဲ့အခါ အတိုးတွေက တရားတက်ပြီး သားအဖနှစ်ယောက် ပြန်မဆပ်နိုင်ဘူး ဖြစ်နေတာပေါ့။

သူဋ္ဌေးကြီးက သူချေးထားတဲ့ငွေနဲ့ အတိုးကို ပြန်မဆပ်နိုင်ရင် ယာခင်းလေးနဲ့ သမီးပျိုလေးကို အကြွေးသိမ်းမယ်လို့ ပြောတော့ သားအဖနှစ်ယောက်လည်း သဋ္ဌေးကြီးကို ငိုယိုပြီး တောင်းပန်ကြရှာသတဲ့။ အဲ့ဒီလို သားအဖနှစ်ယောက်က ငိုယိုပြီး တောင်းပန်တဲ့ အခါ သူဋ္ဌေးကြီးက

"ကောင်းပြီ ငါလည်း မတရား မလုပ်ချင်ပါဘူး။ ဒီတော့ မိန်းမပျိုလေးကို အခွင့်အရေး တခုပေးပါမယ်။ အဲ့ဒီ အခွင့်အရေးကတော့ ငါလက်ထဲမှာ ကျောက်ခဲ အဖြူတလုံးနဲ့ အမည်းတလုံးကို ဆုပ်ကိုင်ထားပြီး မိန်းမပျိုလေးက တလုံးကို နှိုက်ရပါမယ်။

မိန်းမပျိုလေး နှိုက်လိုက်တဲ့ ကျောက်ခဲဟာ အဖြူဖြစ်ခဲ့မယ်ဆိုရင် ယာခင်းနဲ့ မိန်းမပျိုလေးကို မသိမ်းတဲ့အပြင် ပေးစရာရှိတဲ့ အကြွေးတွေအားလုံးကို ပြန်ဆပ်စရာ မလိုတော့ဘဲ ဒီနေရာကနေ ပြန်လှည့်သွားပါမယ် လို့ ငါကတိပေးပါတယ်။

အကယ်၍ မိန်းမပျိုလေး နှိုက်မိတဲ့ကျောက်ခဲတလုံးဟာ အမည်းဖြစ်ခဲ့မယ် ဆိုရင်တော့ ယာခင်းလေးနဲ့ မိန်းမပျိုလေးကို သိမ်းရပါမယ်။ ဒီအခွင့်အရေးကို မယူရင်လည်း ငါ့ရဲ့ မူလအစီစဉ်အတိုင်းဘဲ ယာခင်းနဲ့ မိန်းမပျိုလေးကို သိမ်းပါမယ်" လို့ ပြောတယ်။

အဲ့ဒီလို သူဋ္ဌေးကြီးက ပြောလိုက်တဲ့အခါ မိန်းမပျိုလေးက စဉ်စားပါတယ်။ သူဋ္ဌေးကြီးပေးတဲ့ အခွင့်အရေးကို မယူရင်လည်းအသိမ်းခံရမယ်။

ယူခဲ့ရင်တော့ ကံကောင်းပြီး ကျောက်ခဲအဖြူကို သူနှိုက်မိရင် အသိမ်းခံရမယ့်အရေးကနေ လွတ်မြောက်ဖို့အခွင့်အလမ်း ရှိသေးတယ် လို့ စဉ်းစားပြီး သူဋ္ဌေးကြီးပြောတဲ့ အခွင့်အရေးကို သဘောတူလိုက်ပါတယ်။

အဲ့ဒီလို မိန်းမပျိုလေးက သဘောတူလိုက်တော့ သူဋ္ဌေးကြီးက အနားမှာရှိတဲ့ ကျောက်ခဲနှစ်လုံးကို လက်နဲ့ ကောက်ယူလိုက်ပါတယ်။ ဒါပေမယ့် သူဋ္ဌေးကြီး ကောက်ယူလိုက်တာဟာ ကျောက်ခဲအမည်းကြီးဘဲ နှစ်လုံးဖြစ်နေတာကို မိန်းမပျိုလေးက တွေ့သွားတယ်။

အဲ့ဒီအခါ မိန်းမပျိုလေးဟာ တုန်လှုပ်သွားပေမယ့် သူဋ္ဌေးကြီးကို ဘာမှမပြောဘဲ အချိန်တိုလေး အတွင်းမှာ ဉာဏ်ပညာနဲ့ သူစဉ်းစားပါတယ်။

သူ ဘာမှမပြောဘဲ ဒီအတိုင်း နှိုက်လိုက်ရင် ကျောက်ခဲကအမည်းကြီးဘဲ နှစ်လုံးဖြစ်နေရင်တော့ အမည်းကိုဘဲ နှိုက်မိမှာ သေချာတယ်။ သူပြောလိုက်လို့ သူဋ္ဌေးကြီးက ကျောက်ခဲအဖြူတလုံးနဲ့ အမည်းတလုံးကို ပြန်ကောက်ထည့်ရင်လည်း ကျောက်ခဲအဖြူ ကို နှိုက်မိဖို့ မသေချာဘူး။

မနှိုက်တော့ဘူးလို့ ပြောရင်လည်း ယာခင်းလေးနဲ့ သူ့ကို သူဋ္ဌေးကြီးက သိမ်းမယ်။ သူ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုပြီး အချိန်တိုလေး အတွင်းမှာ မိန်းမပျိုလေးဟာ ခေါင်းအေးအေးထားပြီး ဉာဏ်ပညာနဲ့ တွေးတောစဉ်းစားပါတယ်။

အဲ့ဒီလို ဉာဏ်ပညာနဲ့ တွေးတောစဉ်းစားပြီး နောက်ဆုံးမှာ မိန်းမပျိုလေးဟာ သူဋ္ဌေးကြီးကို ဘာမှမပြောတော့ဘဲ ကျောက်ခဲတလုံးကို နှိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိန်းမပျိုလေးဟာ ကျောက်ခဲကို နှိုက်တဲ့အခါမှာ မျက်စေ့ကို စုံမှိုတ်ပြီး ကြောက်လန့်တဲ့အမူအရာနဲ့ သူဋ္ဌေးကြီးလက်ထဲ ဆုပ်ကိုင်ထားတဲ့ ကျောက်ခဲနှစ်လုံးထဲက တလုံးကို နှိုက်လိုက်ပါတယ်။

ကျောက်ခဲတလုံးကို နှိုက်နှိုက်ပြီးချင်း သူလက်ထဲမှာ ပါလာတဲ့ ကျောက်ခဲကို ဖွင့်မပြဘဲ အနီးနားမှာရှိတဲ့ ရေတွင်းထဲကို ပစ်ချလိုက်ပါတယ်။

အဲ့ဒီလို မိန်းမပျိုလေးက နှိုက်လိုက်တဲ့ ကျောက်ခဲကို ဖွင့်မပြဘဲ ရေတွင်းထဲ ပစ်ချလိုက်တာကိုတွေ့တာ့ သူဋ္ဌေးကြီးက စိတ်ဆိုးပြီး "ဟ ဘာဖြစ်လို့ နှိုက်လိုက်တဲ့ ကျောက်ခဲကို ဖွင့်မပြဘဲ ရေတွင်းထဲကို ပစ်ချလိုက်တာလဲ" လို့ သူဋ္ဌေးကြီးက မေးတဲ့အခါ မိန်းမပျိုလေးက

"တောင်းပန်ပါတယ် သူဋ္ဌေးမင်းကြီးရယ် ကျမလည်း ကြောက်ကြောက်နဲ့ သူဋ္ဌေးမင်းကြီးလက်ထဲက ကျောက်ခဲတလုံးကို နှိုက်လိုက်ရတော့ ဖွင့်မကြည့်ရဲဘဲ ရေတွင်းထဲကို ပစ်ချလိုက်မိတာပါ။

ဒါကြောင့်မို့ ကျမ နှိုက်မိတဲ့ကျောက်ခဲက အဖြူလား အမည်းလား ဆိုတာကို မသိရတော့တဲ့အတွက် သူဋ္ဌေးမင်းကြီး လက်ထဲမှာ ကျန်ခဲ့တဲ့ ကျောက်ခဲတလုံးဟာ အဖြူလား အမည်းလား ဆိုတာကိုဘဲ ကြည့်ရူခွင့်ပြုပါ" ဆိုပြီး မိန်းမပျိုလေးက ပြောလိုက်တယ်။

ထိုအခါ သူဋ္ဌေးကြီးလည်း ဘာမှ မတတ်နိုင်တော့ဘဲ သူလက်ထဲမှာရှိတဲ့ ကျောက်ခဲအမည်းတလုံးကိုဘဲ ဖွင့်ပြရတော့တာပေါ့။ သူဋ္ဌေးကြီးလက်ထဲကနေ ဖွင့်ပြတဲ့ ကျောက်ခဲက အမည်းဖြစ်နေတာလည်း တွေ့ကော မိန်းမပျိုလေးလည်း ဝမ်းမြောက်ပျော်ရွှင်စွာနဲ့

"´သူဋ္ဌေးကြီးလက်ထဲမှာ ကျန်ခဲ့တဲ့ ကျောက်ခဲက အမည်းဆိုတော့ ကျမ နှိုက်လိုက်မိတဲ့ ကျောက်ခဲက အဖြူပေါ့နော်" လို့ပြောလိုက်တဲ့အခါ သူဋ္ဌေးကြီးလည်း သူ့ကတိစကားအတိုင်း ယာခင်းနဲ့ မိန်းမပျိုလေးကို ထားပြီး ပြန်သွားပါတော့တယ်။ crd

Post a Comment

0 Comments