ဆားပြန်ယူသော လိပ်ကလေး

ရှေးရှေးတုန်းက လိပ်မိသားစုတစုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာသွားပါသတဲ့။

နောက်ဆုံးတော့ လိပ်မိသားစု အိမ်က ထွက်လာပြီး သင့်တော်တဲ့ နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံး နေရာတခုကို ရှာတွေ့သွား ကြပါတယ်။

အဲဒီနေရာကို သန့်ရှင်းရေး လုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာ တို့ကိုတော့ ၆ လ အကြာမှာ ပြီးစီးသွားပါတယ်။

အဲဒီအခါကျမှ သူတို့ ဆား မေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ ထင်ကြတယ်။

အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံး လိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။

မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ကတိတခု တောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။

ကတိကတော့ ဘယ်သူမှ သူ ပြန်မရောက်မချင်း အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူ လိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။

သုံးနှစ် ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ် ကြာလာတဲ့ အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့ စားတော့မယ်လို့ ပြောပြီး အသားညှပ် ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။

အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက် ထွက်လာပြီး အော်ပြောလိုက်ပါတယ်။ "တွေ့လား သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး" တဲ့။

လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလို လုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပစ်တတ်ကြပါတယ်။ သူများတွေ ဘာလုပ်သလဲ ဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှ မလုပ်ဖြစ်လိုက်ကြပါဘူး။ အရှင်ဇောတိ (နံ့သာနီ)

Post a Comment

0 Comments