ဘဝအဖော်မွန်အစစ်

သူ့ဘဝက ကျပန်း။ ပန်းရံအလုပ်သမား ဘဝကနေ စပြီး တဖြည်းဖြည်းနဲ့ သံလျှက်ကိုင် ပန်းရံဆရာတယောက် ဖြစ်လာခဲ့တယ်။

အဲ့ကနေ တဆင့်ပြီးတဆင့် ကန်ထရိုက် လုပ်ငန်းရှင် ဖြစ်လာရာက တဖြည်းဖြည်းနဲ့ အိမ်ခြံမြေ ကုမ္မဏီမှာ ရှယ်ရာတွေ ဝင်ရာက ခုဆို အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး ကုမ္မဏီပိုင်ရှင် ဖြစ်လာခဲ့ တယ်။ သူ့ကုမ္မဏီဟာ နာမည် တော်တော်လေး ရနေပြီး အဲ့ဒီအရာဟာ သူ့စိတ်တွေကို ပြောင်းလဲ လာစေ ခဲ့တော့တယ်။

သူ့ရဲ့ ပန်ရံ အလုပ်သမား ဘဝကတည်းက နှစ်ပေါင်းများစွာ အတူတူ ပေါင်းသင်း စောင့်လျှောက် လာခဲ့ပေးတဲ့ မယားဟာ ညိုညို ညှက်ညှက် ပိန်ပိန် ပါးပါး ညိုချောလေး ကနေ ခုဆို ဝဝတုတ်တုတ် မဲမဲ တူးတူးကြီး ဖြစ်လာတယ်။ အသားအရေတွေ ကလည်း နုနယ်ပြေပြစ် ရာကနေ တဖြေးဖြေး ကြမ်းတမ်းခက်ထော် ရုံမက တနေ့တခြား တွန့်လိမ် အရေးအကြောင်း ထင်လာခဲ့တယ်။

သူများမယား ချောချောလှလှတွေနဲ့ ယှဉ်ရင် ပုံဆိုးပန်းဆိုး ဖြစ်နေတဲ့ သူမယားကို တဖြည်းဖြည်း စိတ်ကုန် ငြီးငွေ့ လာခဲ့တော့တယ်။ ဒါပေမဲ့ သူ့မယားအကြောင်း တွေးမိတိုင်း အတိတ်တုန်းက အတူတူ ပင်ပန်း ဆင်းရဲ ခဲ့တာတွေ ကိုလည်း မေ့မရခဲ့ဘူး။

ဒါပေမဲ့ သူ့အနေနဲ့ သူမယားရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကို သည်းမခံနိုင်တဲ့ အဆုံး စုံတွဲဘဝကို တော်လောက်ပြီလို့ စဉ်းစားတယ်။ အမှန်တော့ သူနဲ့ ပရောပရီ ဖြစ်ပြီး အပေးအယူ မျှနေတဲ့ သူ့ရဲ့ကုမ္မဏီက အတွင်းရေးမှူးမလေးကို သူသဘောကျ နေခဲ့တာပါ။

အဲဒါနဲ့ သူ့မိန်းမ နာမည်နဲ့ ဘဏ်စာအုပ် လုပ်ပြီး သိန်း ၁၀၀၀ ထည့်ထားပေးတယ်။ ပြီးတော့ အိမ်တလုံးလည်း ဝယ်ထားပေးပြီး သူ့မိန်းမကို လုံလောက် ပြည့်စုံအောင် ထောက်ပံ့ပေး ထားခဲ့တယ်။

သူ့အနေနဲ့ တာဝန်မဲ့တဲ့သူ မဖြစ်ချင် တဲ့အတွက် မယားဖြစ်သူရဲ့ အနာဂတ်အတွက်ကို ကြိုတင်ပြင်ဆင် ပေးထားခဲ့တယ်။ သူ့မယားကို အခက် မတွေ့စေချင်ဘူး။ ဒီလိုမှ မဟုတ်ရင် သူ့စိတ် ထဲကောင်းမှာ လိပ်ပြာလုံမှာ မဟုတ်ဘူး။

နောက်ဆုံးတော့ သူ့အစီအစဉ်တွေကို သူ့မိန်းမကို ပြောပြလိုက်တယ်။ သူမဟာ သူ့ရဲ့ အကြောင်းပြချက်နဲ့ တောင်းဆိုချက်တွေကို ရိုရိုကျိုးကျိုးနဲ့ ငြိမ်ငြိမ်လေး ထိုင်နားထောင်ပေးတယ်။

သတ်မှတ်ထားတဲ့ နေ့ရောက်တော့ သူ့မိန်းမကို အိမ်ဂရမ်နဲ့စာချုပ်စာတမ်းတွေ ဘဏ်စာအုပ်တွေကို လွဲပေးပြီး နှစ် ၂၀ ကျော် လက်တွဲလာတဲ့ ဘဝကို အဆုံးသတ် လိုက်ပြီး အလုပ်ရုံးခန်းဆီကို ထွက်လာခဲ့တော့တယ်။

တမနက်လုံး သူ့စိတ်တွေ ဂဏှာမငြိမ်ဘူး။ နေ့လည်ခင်း သူ အိမ်ပြန်လာတော့ သူမိန်းမလည်း ထွက်သွားခဲ့ပြီ။ သူမဟာ သူဝယ်ထားပေးတဲ့ အိမ်သော့နဲ့ အိမ်ဂရမ်တွေ ဘဏ်စာအုပ် တွေကို သူ့အိပ်ယာဘေးမှာ ချထားပေး ခဲ့တယ်။ အဲဒီအောက်မှာ သူမ ရေးထားတဲ့ စာတစောင်လည်း ရှိနေတယ်။ စာထဲမှာ အောက်ပါအတိုင်း ရေးထားခဲ့တယ်။

' ကျွန်မပြန် သွားပြီနော် အမေတို့ ရွာကိုပဲ ပြန်မှာပါ။ ရှင့်ရှာထားတဲ့ ပိုက်ဆံတွေ အိမ်တွေ ကျွန်မအတွက် မလိုအပ်လို့ ပြန်ထားခဲ့လိုက်တယ်။ အမေတို့ဆီမှာ ကျွန်မအတွက် အကုန်ရှိတာပဲ။ အဝတ်အစားတွေ အိပ်ရာခင်းနဲ့ ခြုံစောင်အထူတွေ ကျွန်မလျှော်ထားပေးခဲ့တယ်။

အဝတ်ဘီဒိုရဲ့ အောက်ဆုံးထပ်မှာ ထည့်ထားတယ်။ အေးတဲ့အခါ ယူခြုံဖို့ မမေ့နဲ့အုံး။ အဝတ်တွေကို ချိတ်နဲ့ ချိတ်ထား ပေးတယ်။ ရှင့်ရဲ့ ခြေအိပ်တွေနဲ့ ခါးပတ်တွေက ဘီရိုအလယ်ထပ် မှာနော်။

အတွင်းခံတွေလဲလျှော်ထားပြီး အဝတ်ဘီဒို ဘယ်ဖက်က အံဆွဲထဲမှာ လိပ်ပြီး စီထားတယ်နော်။ ကျွန်မ မရှိတော့ပေမဲ့ ဆရာပေးထားတဲ့ အစာ အိမ်ဆေးတွေ သောက်ဖို့ မမေ့နဲ့အုံး။

နောက်တခု ရှင်က အိမ်သော့ ခဏခဏမေ့တတ် ကျပျောက်တတ်လို့ ကျွန်မ သော့အပိုတွေလုပ်ထားပြီး ခြံစောင့်ဦးလေးကြီး အိမ်မှာ အပ်ထားပေးတယ်နော်။ မနက် အလုပ်သွားခါနီးရင် အိပ်ရာခေါင်းရင်းက ပြတင်းပေါက်ကို ပိတ်သွားဖို့ မမေ့နဲ့အုန်း မိုးရွာလို့ မိုးပက်ရင် အိပ်ရာတွေ စိုရွဲကုန်မယ်။

ကျွန်မ ရှင်ကြိုက်တဲ့ ဆိတ်သားခြောက်နဲ့ ဝက်သားခြောက် နေတလှမ်း သားတွေ ၄, ၅ ပိသာလောက် လုပ်ထားပြီး ကြောင်အိမ်ထဲမှာ အိပ်နဲ့ ထည့်ထားခဲ့တယ်။ စားချင်တဲ့အခါ ဆီအိုးလေး တည်ပြီး ကြော်စားလိုက်ယုံပဲ။

ပြီးတော့ ဟင်းချိုမုန့် မပါပဲ ရွာကဆုံဆီသန့်တွေနဲ့ ကြော်ထားတဲ့ ဘာလချောင်ကြော် ပုလင်းတွေလဲ ကြောင်အိမ် ဒုတိယအဆင့် မှာရှိတယ်။ တင့်ဆွေ တို့နဲ့ ဘီယာမြည်းမပြစ် လိုက်နဲ့အုံး။ '

သူမ ရေးထားတဲ့ စာလုံးတွေက ကြောင်ခြစ်ထားသလိုပဲ။ မညီမညာနဲ့ လက်ရေးကလည်း စုတ်ပြတ်သတ်နေတာပဲ။ ဒါပေမဲ့စာလုံးတိုင်းဟာ သူမရဲ့ ဖြူစင်တဲ့ စိတ်ထားအမှန်တွေ ဆိုတာ သူခံစားမိ လေတိုင်း နှလုံးသားထဲမှာ တစစ်စစ်နဲ့ နာကျင်လာတယ်။

သူ ကြောင်အိမ်ထဲက ဘာလချောင် ပုလင်းတွေ ထုတ်ကြည့်ပြီး သူ သာမာန်ဆင်းရဲသား ငမွဲလေး ဘဝ လွန်ခဲ့တဲ့ နှစ်၂၀ ကတုန်းက သူ့ကို ဒီလိုပဲ ဘာလချောင်ကြော်တွေ ကြော်ကျွေးခဲ့တုန်းက သူ ပျော်ရွှင် ကြည်နူးခဲ့ရဖူးတယ်။ အဲ့ဒီတုန်းက ဘဝတလျှောက်လုံးမှာ သူမကို ပျော်ရွင်အောင် ထားရမယ်လို့ သူ့ကိုယ်သူ ဂတိပေးခဲ့ဖူးတယ်။

သူချက်ချင်းပဲ ကားမောင်းထွက်ပြီး သူ့မိန်းမကို လိုက်ရှာတယ်။ နာရီဝက်လောက် ကြာတော့ ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ် သူ့တကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေတာပဲ။ သူ မိန်းမကို ဒေါသနဲ့ လှမ်းအော်တယ်။

' နင်က ဘယ်ကိုသွားမလို့လဲ။ ငါအခု အလုပ်က ပြန်လာတာ တနေကုန် ပင်ပန်းလာတာ ထမင်းတောင် မစားရသေးဘူး။ အိမ်ရှင်မတာဝန် ဆိုတာ ဒီလိုပဲ လင်ကို ပစ်ထား ရသလား။ ငါနဲ့ ခုချက်ချင်း အိမ်ပြန်လိုက်ခဲ့။ '

သူ့ဇနီးလည်း မျက်ရည်တွေ စီးကျလာရင်း ထိုင်ရာက ထပြီး သူ့နောက်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ လိုက်လာ ခဲ့တော့တယ်။ သူမ မျက်နှာမှာလည်း မျက်ရည်စတွေနဲ့ ပြုံးလာတယ်။

သူမ မသိတာက သူ့ရှေ့က စိုက်စိုက်နဲ့ လျှောက်နေနဲ့ သူမယောက်ျားရဲ့ ပါးမှာ မျက်ရည်တွေ စီးကျနေတယ် ဆိုတာပါပဲ။ စောစောက ကားဂိတ်ကိုသူ ကားမောင်းလာတော့ လမ်းမှာ တလမ်းလုံး သူစိုးရိမ်လာတာ သူမကို ပြန်ရှာလို့ မတွေ့တော့မှာ ကိုပဲ အရမ်းကြောက်နေခဲ့တာပါ။

သူဟာ သူ့ကိုယ်သူ ကြိမ်ဆဲမိတယ်။ ဘာလို့ အဲ့လောက်တောင် အသုံးမကျတာလဲ။ ဘာမဟုတ်တဲ့ တခြားမိန်းမ လှတာလေး နဲ့ပဲ သူ့ကို သိပ်ချစ် သိပ်ရိုသေပြီး သူနဲ့အတူ အေးအတူ ပူအမျှ နှစ်ပေါင်း၂၀ ကျော် အပင်ပန်း အဆင်းရဲ အတူတူ ခံလာတဲ့ မိန်းမကိုပစ်ပယ်ဖို့ စဉ်းစားမိရတာလဲပေါ့။

တကယ်ဆို သူမဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ ဘဝအစိတ်အပိုင်း တခုပါပဲ ဆိုတာ သူနားလည်သွားပါပြီ။ ပျော်ရွင်မှုဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးပမာဏပေါ်မှာ မူမတည်ပါဘူး။ ကိုယ်ချစ်တဲ့သူရဲ့ အပြုံးပေါ်မှာတာမူတည်တာပါ။ လွပ်လပ်မှုဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်၊ ကိုယ်ကသာ ရွေးချယ်မလား ဆိုတာ မူတည်သွားတာပါ။ Crd

Post a Comment

0 Comments