အကုန်လုံး ဖန်တန်တန်ချည်းပါပဲ

တခါက ပုဏ္ဏားကြီးတယောက်ဟာ နန်းတော်ထဲ အခစား ဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူ ဖြစ်တာကြောင့် အတွင်းဆောင် ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ ဝင်လာခဲ့တယ်။

ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ်။ မိဖုရားရဲ့ လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့ တပ်မက်ဖွယ် အာရုံကို မြင်တွေ့သွားတယ်။

ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ်။ မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်။ အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲ မလုံမလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့။

နောက်ရက်တွေ ကျတော့ ပုဏ္ဏားကြီး နန်းတော် မဝင်တော့ဘူး။ ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင် ထားကြောင်းလည်း သတင်းစကား ကြားလိုက်ရတော့ မိဖုရားကြီးက စဉ်းစားတယ်။

ဟိုတနေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့။ ပုဏ္ဏားကြီးက ပညာတော်တယ်၊ အတွေ့အကြုံ များတယ်၊ တိုင်းပြည်အတွက် အားကိုးရလို့ ဘုရင်ကြီးကလည်း အားထားနေ ရတယ်။

ပုဏ္ဏားကြီး ကလည်း ဟိုတနေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ နေရောင် မခတဲ့ လျှို့ဝှက်သော အလှကို မျက်စိထဲကကို မထွက်ဘူး။ ခက်တာက ရှင်ဘုရင်ရဲ့ မိဖုရား။ ရှင်ဘုရင်ကိုသတ် ပလ္လင်ပေါ် တက်နိုင်မှ အလိုဆန္ဒ ပြည့်ဝရမယ့် အဖြစ်။

ရင်ထဲ ဖြစ်တဲ့ ဝေဒနာကို ကျိတ်ခံစားရင်း စားလို့လည်းမရ၊ အိပ်လို့လည်း မရ၊ ကြံမရ စည်မရ ဖြစ်နေတုန်း နန်းတွင်း အစေခံ တယောက်က မိဖုရား အလှဒေဝီက ပုဏ္ဏားကို "အခစား ဝင်စေ" အမိန့်တော် ချွေလိုက်သတဲ့။

အိုး ရင်တွေ တလှပ်လှပ်၊ ဘဝင်မှာ လေဟပ်သလို မြင်ချင်စိတ်နဲ့ သိချင်စိတ်က မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲ လဲနေတဲ့ ပုဏ္ဏား ဆေးကောင်း စားလိုက်သလို ငေါက်ကနဲထ၊ နန်းတော်ကို ကြွပြီပေါ့။ နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း ပုဏ္ဏာကြီး နေမကောင်းဘူး ဆိုလို့ မေးလိုက်တော့

"မှန်လှပါဘုရား အိပ်လို့လည်း မပျော် စားလို့လည်း မရ၊ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရား" လို့ လူကြီး ကြူနည်းနဲ့ စကားလမ်းခင်း ကြူသံလေးနဲ့ လျှောက်တင် တာပေါ့လေ။

မိဖုရားကြီးကလည်း "သြော် ပုဏ္ဏားကြီးရယ် ကျမ ကလည်း ဒါကို သိလို့ ပုဏ္ဏားကြီး အတွက် ဆေးကောင်းသုံးခွက် ဖော်စပ် ပေးထားပါတယ်" လို့ အပြုံးလေးနဲ့ ပြောလိုက်ရင်း ရှေ့မှာ တင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေး လိုက်တယ်။

ကိုရွှေပုဏ္ဏားက ဘာပြောကောင်းမလဲ တကျိုက်တည်းပေါ့။ မော့ချပစ် လိုက်တယ်။ ဘာမှ မေးမနေတော့ဘူး။ ချစ်သူ တိုက်တဲ့ ဆေးလေ ကောင်းမှ ကောင်းပေါ့။ မိဖုရားက နောက်တခွက် ကမ်းပေးလိုက် ပြန်တယ်။

ပုဏ္ဏားကလည်း မော့ချပစ် လိုက်တာပဲ။ ဒီတခွက် ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိ သွားတယ်။ ဒုတိယခွက် ကုန်သွားတော့ မိဖုရားက တတိယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ်။

ပုဏ္ဏားက နည်းနည်း တွန့်လာပြီ။ ဆေးခွက်ကို သေချာ ကြည့်နေတယ်။ မိဖုရားက "သောက်လိုက် ပါ ပုဏ္ဏားကြီးရယ်။ အားရှိသွားပြီး ရောဂါ ပျောက်တာပေါ့" လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချလိုက် ပြန်တယ်။ ဒီတခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ်။ နောက် စဉ်းစားနေတယ် ဘာလဲပေါ့။ မိဖုရားကလည်း ဒါကို ရိပ်မိတော့

"ပုဏ္ဏားကြီး ပထမ ခွက်က ဘာခွက်လဲ" လို့ မေးလိုက်တော့ "ကြေးခွက်ပါ ဘုရား" တဲ့။ "ဘာအရသာရှိလဲ" ဆိုတော့ "ဖန်တန်တန်နဲ့ပါ ဘုရား" တဲ့။

"ဒုတိယခွက်က ဘာခွက်လဲ ပုဏ္ဏားကြီး" ဆိုတော့ ငွေခွက်ပါ ဘုရား" တဲ့။ "ဘာအရသာ ရှိပါသလဲ" ဆိုတော့ ဖန်တန်တန်ပါပဲ ဘုရား" တဲ့။

"တတိယခွက် ကကော ဘာခွက်လဲ ပုဏ္ဏားကြီး" ဆိုတော့ "ရွှေခွက်ပါ ဘုရား" တဲ့ "ဘာအရသာများ ရှိသလဲ" ဆိုတော့ ဖန်တန်တန်ပါပဲ ဘုရား" တဲ့။ ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိ လာတယ်။

သြော် အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာက မပြောင်းဘူး ဆိုတာ မိဖုရားက ပြောချင်နေတာပဲ။ ဘာကြောင့် ပြောချင်နေတာလဲလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလန်း နှစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။

မိဖုရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့ တူတယ်။ အိမ်က ပုဏ္ဏမက ပုဏ္ဏား အဆောင်အယောင်နဲ့ ဆိုတော့ ငွေခွက်နဲ့ တူတယ်။ အရသာ ကတော့ ဖန်တန်တန်ကြီး ပါပဲ ပေါ့။ ဒါကို မိဖုရားက ပြောချင်တာပဲ ဆိုပြီး သဘောပေါက် သွားတယ်။

"မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီး။ မိဖုရားကြီးက ပညာရှိပါ ပေတယ်" လို့ ချီးမွှန်းလိုက်တယ်။ မိဖုရားကြီးကလည်း "ပုဏ္ဏားကြီးလည်း ပညာရှိ ပါပေတယ်" လို့ ပြန်ပြောလိုက် တယ်။

ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင် သွားပါတော့တယ်။ ဒီလိုနားလည်မယ် ဆိုရင်တော့ အိမ်ထောင်ဖက် အပေါ် သစ္စာဖေါက်စရာ မလိုတော့ဘူးပေါ့။ အားလုံးက ဖန်တန်တန်ပဲလေ။

မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး၏ အခြေပြုပဌာန်းတရားတော် စာအုပ်မှ အာရုံအကြောင်း ရှင်းပြပုံ ဥပမာကို မှီငြမ်းပါသည်။ Crd

Post a Comment

0 Comments