ပရဟိတစိတ်ဓာတ်

လူ ၅၀၀ ကို ပူဖောင်းတယောက် တလုံးစီ ပေးတယ်။ ပူဖောင်းမှာ ကိုယ့်နာမည်ကို Marker Pen နဲ့ ရေးခိုင်းတယ်။ နောက် အခန်းတခုထဲမှာ ပူဖောင်းတွေကို ထည့်လိုက်တယ်။

ပြီးမှ လူ၅၀၀ ကို ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို ၅ မိနစ်အတွင်း ရှာခိုင်းတယ်။ စဉ်းစားကြည့်ရအောင် ပူဖောင်းတွေဟာ ဟိုလွင့် ဒီလွင့်နေတဲ့အတွက် ပူဖောင်းတလုံး ဖမ်းမိဖို့တောင် ခက်လိမ့်မယ်။

ဖမ်းမိတဲ့ ပူဖောင်းကို နာမည်ဖတ်ကြည့်တော့ ကိုယ့်နာမည်မဟုတ်ရင် ခက်ခက်ခဲခဲ ရထားတဲ့ ပူဖောင်းကို လွှင့်ပစ်ပြီး အချိန်မစေ့ခင် ကိုယ်နာမည်ပါတဲ့ ပူဖောင်းရဖို့ ကြိုးစားမယ်။

လူ ၅၀၀ လုံး အတ္တရှေ့တန်းတင်ပြီး ကိုယ့်အတ္တက လွဲရင် အခြားစိတ်မဝင်စားတဲ့အခါ အချိန်သာ ပြည့်သွားမယ် ဘယ်သူမှ ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို ရလိုက်မှာ မဟုတ်ဘူး။

အဲဒီလူအုပ်ထဲကို ပရဟိတ သမားတယောက် ထည့်ကြည့်ရအောင်။ ပရဟိတစိတ် ရှိတဲ့လူက သူရထားတဲ့ ပူဖောင်းဟာ သူ့နာမည်မဟုတ်ပေမယ့် ဒီပူဖောင်းကို ရှာနေမှာပဲလို့ စဉ်းစားမိမယ်။

ငါပေးလိုက်ရင် သူအရမ်းပျော်သွားမယ် ဆိုတာ ခံစားမိတယ်။ အဲဒီလိုပေးလိုက်ရင် ကိုယ်လည်း ပျော်တယ်။

အဲဒါနဲ့ ပူဖောင်းက နာမည်ကို ဖတ်ပြီး "အားလုံး ခဏနားထောင်ပါ။ ဒီမှာ ကိုအောင်လေး ဆိုတဲ့လူ ရှိလားဗျို့။ ခင်ဗျားပူဖောင်း ကျုပ်ဆီမှာ"

အဲဒီအချိန် ကိုအောင်လေးဆိုတဲ့ ကတုံးနဲ့ လူတယောက်ဟာ ပျော်ရွှင်တဲ့ မျက်နှာနဲ့ ဖို့ယို့ဖားယား ပြေးလာတယ်။ သူ့ပူဖောင်းရတော့ သူ့လက်ထဲ ရောက်လာတဲ့ အခြားနာမည်နဲ့ လူကို ရှာပေးရမယ် ဆိုတာ သိလာတယ်။

အဲဒါနဲ့ သူ့ရဲ့ အသံဗြဲ ကြီးနဲ့ "ကိုဇော်မင်းလွင်ရှိလား ကိုဇော်မင်းလွင်" အသံကြားတော့ ဗိုက်ပူပူနဲ့ လူတယောက် သူ့လက်ထဲမှာ ပူဖောင်းကိုင်ပြီး ကွတကွတ ပြေးလာတယ်။

ဟုတ်ကဲ့ ဘာမှမကြာတဲ့ အချိန်အတွင်းမှာ လူတိုင်း ကိုယ့်နာမည်နဲ့ ပူဖောင်းတွေကို ဝရုန်းသုံးကား မဖြစ်ဘဲ ရသွားကြတယ်။ အဲဒါဟာ ပရဟိတစိတ်က လူ့ပါတ်ဝန်းကျင်ကို သက်ရောက်တဲ့ ဥပမာကောင်းလေးပါပဲ။ phoomyatchal

Post a Comment

0 Comments