ကျားအိုကြီးနှင့် လောဘခရီးသည်

တခါတုန်းက ကျားအိုကြီးတကောင်ဟာ ရေအိုင်နားမှာရေချိုးပြီး သူများတွေ မြင်လျှင် မြက်ကိုသာ အမြဲစားသည့် ကျားသူတော်ကောင်းကြီးပါလားဟု အထင်ခံရအောင် သမန်းမြက်တွေကို ကိုင်ထားပြီး ကမ်းနဖူးမှာ ထိုင်နေစဉ် ခရီးသွားတယောက်ကို တွေ့သောအခါ "အို ခရီးသည် ငါ့ဆီက ရွှေလက်ကောက်ကို လာယူလှည့်ပါ" ဟု ဆိုလေ၏။

ခရီးသည်လည်း လိုချင်မှုလောဘဇော တက်ပြီး စိတ်ထဲမှာ စဉ်းစားလေ၏။ "ဒီရွှေလက်ကောက်ဟာ ငါ့ရဲ့ ရှေးဘုန်းရှေးကံကြောင့် ရသင့်ရထိုက်လို့ ဖြစ်လာတာပဲ။ ဒါပေမဲ့ စဉ်းစားစရာတော့ တချက်ရှိတယ်။

မနှစ်သက်အပ်သော အရာကိုမှ နှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းကိုရခြင်းဟာ ကောင်းကျိုးမဖြစ်နိုင်ဘူး။ အဆိပ်နဲ့ ရောထားတဲ့ အမြိုက်သုဓာဟာ အသက်ကို သေစေနိုင်တယ်။

ဒါပေမဲ့ ပစ္စည်းဥစ္စာ ရှာဖွေရာမှာ စွန့်စားမှု၊ ဒါမှမဟုတ် အန္တရာယ်ကတော့ ရှိမှာပဲ။ လူဟာ မစွန့်စားပဲ အခြေနေကောင်းကို မတွေ့မြင်နိုင်ဘူး။ စွန့်စားပြီး တကယ်လို့ အသက်ရှင်နေသေးရင် အခြေနေကောင်းကို တွေ့မြင်ရနိုင်တယ်။ ဒါကြောင့် ငါအရင်စုံစမ်းဦးမယ်" ဆိုပြီး

"အို ကျားကြီး သင့်ရဲ့ ရွှေလက်ကောက်က ဘယ်မှာလဲ" လို့ မေးတဲ့အခါ ကျားကြီးက ရွှေလက်ကောက်ကို ပြလေ၏။

ထိုအခါ ခရီးသွားက "အသားစားတဲ့ ကျားကို ငါဘယ်လို ယုံရမှာလဲ" လို့ မေးတဲ့အခါ ကျားကြီးက "ခရီးသွား ငါပြောတာနားထောင်ပါဦး။ ငယ်တုန်းကတော့ ငါတော်တော် ဆိုးခဲ့ပါတယ်။ နွားနဲ့ လူပေါင်းများစွာကို သတ်ခဲ့တဲ့အတွက် ငါ့သားမယားတွေလည်း သေကုန်ကြလို့ ငါ့မှာဆွေ မျိုးမဲ့နေပါပြီ။

တနေ့မှာ တရားရှင်တယောက်နဲ့ တွေ့ပြီး ငါ့ကို ဆိုဆုံးမလို့ အခုငါဟာ အလှူဒါနပြုခြင်း စတဲ့ ကောင်းမှုပြုတဲ့ သူတော်ကောင်း ကြီးဖြစ်နေပါပြီ။

ပြီးတော့လည်း ငါ့မှာ ခြေသည်း လက်သည်း အစွယ်သွားတွေ ကြွေလို့ အဖိုးကြီး ဖြစ်နေသောကြောင့် မယုံကြည်နိုင်စရာ အ ကြောင်း မရှိပါဘူး။ ယဇ်ပူဇော်ခြင်းဝေဒကို သရဇ္ဈာယ်ခြင်း၊ အလှူပေးခြင်း၊ ခြို့ခြံစွာကျင့်ခြင်း၊ မှန်သောစကားကို ဆိုခြင်း၊ တည် ကြည်ခြင်း၊ သည်းခံခြင်း၊ လောဘမကြီးခြင်း ဆိုတဲ့ အကျင့်ရှစ်ပါးရှိပါတယ်။

အဲဒီအကျင့်ရှစ်ပါးထဲမှာ ရှေ့လေးပါးက ထင်ပေါ်ကျော်ကြား လှည့်စားခြင်းငှာလည်း ကျင့်ကြတယ်။ နောက်လေးပါးကတော့ စိတ်ထားမြတ်သူတို့မှာသာ တည်တယ်။ ဒါကြောင့်မို့ ငါဟာ လောဘကင်းနေပြီ ဖြစ်လို့ ဒီရွှေလက်ကောက်အား တဦးဦးကို ပေးချင်နေတာပါ"

ထိုအခါ ခရီးသွားက "ဒါပေမဲ့ ကျားဆိုတာ လူသားစားတတ်တယ် ဆိုတဲ့ လူတွေရဲ့ စွပ်စွဲချက်ကိုတော့ တားမြစ်ပိတ်ပင်ရန် ခဲရင်းလှပါတယ်။ လောကကြီးဟာ ရှေးရိုးစဉ်လာကို လိုက်လေ့ရှိတယ်။ တရားနည်းလမ်း ညွှန်ပြတတ်တဲ့ အောင်သွယ်မိန်းမရဲ့စကားကို နွားသတ်တဲ့ပုဏ္ဏားရဲ့ စကားလောက် ဘယ်သူမှ အရေးမထားပေ"

ကျားကြီးက "ခရီးသွား ငါလည်း တရားဓမ္မတွေကို သင်ယူထားပါတယ် သင်နားထောင်ပေးပါဦး။ ရေရှားတဲ့ အရပ်မှာ မိုးရွာသလို ငတ်မွတ်နေသူအား အစာပေးတာ အကျိုးရှိတယ်။ မရှိဆင်းရဲသားအား အကျိုးရှိတဲ့ ဒါနကို ပေးသင့်တယ်။

မိမိအသက်ရှင်ချင်သလို သတ္တဝါတွေရဲ့ အသက်တွေကိုလည်း ရှင်စေချင်ရတယ်။ ကိုယ်ချင်းစားတရားဖြင့် သူတော်ကောင်းတွေက သတ္တဝါအားလုံးကို သနားကြတယ်။ သူတပါးသားမယားကို အမေလို သူတပါးစည်းစိမ်ကို မြေကြီးခဲလို သတ္တဝါအားလုံးကို မိမိလိုသဘောထားနိုင်ရင် အဲဒီလူဟာ အမြင်မှန်ရတဲ့ ပညာရှိပဲ။

သင်ခရီးသွားသည်လည်း အတော်ဆင်းရဲပုံ ရတယ်။ ဒါကြောင့် ဒီရွှေလက်ကောက်အား သင့်ကိုပေးဖို့ အလွန်ကို ဆန္ဒရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်းရဲသားတို့ကို ကျွေးမွေးစောင့်ရှောက်ပါ၊ ချမ်းသာတဲ့သူကို ဥစ္စာမပေးပါနဲ့၊ ဆေးဟာ မကျန်းမာသူအတွက်သာ အကျိုးရှိတယ်၊ ကျန်းမာတဲ့သူအတွက် ဘာအကျိုးမှ မရှိလို့ပဲ လို့ သင်ယူမှတ်သားခဲ့ရပါတယ်။

နောက်ထပ်ကျမ်းဂန်ထဲမှာ သင်ခဲ့ရတာကတော့ အလှူလှူမယ်ဆိုရင် ကိုယ့်ကို ကျေးဇူးမပြုဘူးသူကို လှူသောအလှူဒါနနှင့်ဒေသ ကာလ မြတ်သောအလှူခံတို့၌ လှူသောအလှူဒါနဟာ မြတ်တယ်လို့ သင်ယူခဲ့ရဘူးပါတယ်။ ဒါကြောင့်မို့ သင်သည် ဒီရေအိုင်မှာ ရေချိုးပြီး ရွှေလက်ကောက်ကို ယူပါ" လို့ ကျားကြီးကပြောတဲ့အခါ

ခရီးသွားဟာ ကျားရဲ့စကားကို ယုံပြီး လောဘရဲ့ ဆွဲဆောင်မှုကြောင့် ရေချိုးရန် ရေအိုင်ထဲသို့ ဆင်းတဲ့အခါ ညွန်ထဲနစ်ပြီး ရုန်းထွက်မရပဲ ဖြစ်နေလေ၏။

ထိုအခါ ကျားကြီးက "အို ညွန်ထဲနစ်သွားတာပဲ၊ စိတ်မပူပါနဲ့ သင့်ကို ငါကယ်မယ်" ဆိုပြီး တဖြေးဖြေး အနားကပ်သွားကာ ခရီသွားကို ဖမ်းယူကိုက်ချီလိုက်တဲ့ အချိန်မှာ ခရီးသွားက နောင်တရပြီး စဉ်းစားလေ၏။

"တရားကျမ်းဂန်ကို ရွတ်ဖတ်ခြင်းဟာသူယုတ်မာအတွက် သူတော်ကောင်းဖြစ်ရန် အကြောင်းရင်း မဟုတ်ဘူး။ နွားနို့ဟာ ပင်ကိုယ်အားဖြင့် ချိုသလို မျက်နှာပန်းလှအောင် ဗန်းပြတဲ့အရာတွေထက်ပင် ကိုယ်သဘောကသာ သာလွန်လွှမ်းမိုး၏။

မိမိရဲ့ ဣန္ဒြေနဲ့ စိတ်ကို မထိန်းနိုင်တဲ့သူတွေရဲ့ အပြုအမူဟာ ဆင်ရေချိုးသလို ဘာအကျိုးမှမရှိဘူး။ ကိုယ်ကျင့်တရားကင်းတဲ့ ဉာဏ်ပညာဟာ ရုပ်ဆိုးတဲ့သူ တန်ဆာဆင်သလို ဝန်လေးရုံ သက်သက်ပါပဲ။

အခုတော့ ငါသည် ယုတ်မာသောကျားအပေါ် ယုံမိခြင်းမှာ မကောင်းသော လုပ်ရပ်ကို လုပ်မိသွားပြီ။ ဒါကြောင့် ရှေးပညာရှိတွေက ဒီလိုဆိုထားတာပဲ။ ဦးချိုရှိတဲ့ သတ္တဝါရယ်၊ မြစ်ရယ်၊ ခြေသည်း လက်သည်းရှိတဲ့ သတ္တဝါရယ်၊ လက်နက်ရှိတဲ့သူတွေရယ်၊ (မကောင်းတဲ့) မိန်းမရယ်၊ မင်းမျိုးတွေရယ်ကိုယုံကြည်ခင်မင် အကျွမ်းမဝင်သင့်ဘူး။

အရာအားလုံးရဲ့ သဘာဝကိုသာ စူးစမ်းလေ့လာသင့်တယ်။ အခြားသော ဂုဏ်တွေကို မစူးစမ်း မလေ့လာသင့်ဘူး။ အဘယ့်ကြောင့်လဲ ဆိုတော့ သဘာဝဟာ ဂုဏ်တွေရဲ့ အထက်မှာ တည်လို့ပဲ"

နောက်ဆုံးတော့ ခရီးသွားလည်း ကျားလက်မှ လွတ်လမ်း မမြင်တော့တဲ့အဆုံး ကံကိုသာ ပုံချလေတော့၏။ "ကောင်းကင်မှာ ရှိတဲ့ရောင်ခြည်တထောင် အလင်းဆောင်တဲ့ နေမင်းရယ် ကြယ်တာရာကြားမှာ ခစားတဲ့ လမင်းတို့တောင်မှ ရာဟုဖမ်းတာ ခံရသေးတာပဲ။ ကံကြမ္မာက စီရင်လိုက်တဲ့ ဒီနဖူးပြင်က အမှတ်အသားကို ဘယ်သူက ဖျောက်နိုင်မှာတဲ့လဲ"

ဤသို့ စိတ်ဓာတ်ကျပြီး တွေးတောစဉ်းစားနေစဉ်မှာပဲ ကျားရဲ့ ကိုက်သတ်ခြင်းကို ခံလိုက်ရလေ၏။ ရွှေလက်ကောက်ကို လိုချင်တဲ့ လောဘကြောင့်ညွန်နစ်သွားသော ခရီးသည် တယောက်ဟာ ကျားအိုကြီးရဲ့ ကိုင်သတ်ခြင်းကြောင့် သေခဲ့ရဘူးလေပြီ။ crd

Post a Comment

0 Comments