တခါက အင်မတန် ဆင်းရဲနုံချာလှတဲ့ သူဆင်းရဲတယောက်ဟာ ငတ်မွတ်လွန်းလှတဲ့အတွက် ဈေးထဲက ပေါင်မုန့်ဆိုင်ကနေပေါင်မုန့်တဖဲ့ကို ခိုးယူမိခဲ့ပါသတဲ့။
အဲဒီလို သူဆင်းရဲရဲ့ ခိုးဝှက်ခြင်းကို မြင်ကြတဲ့အခါ ဈေးထဲက လူတွေ၊ မြို့ကလူတွေဟာသူဆင်းရဲကို ဝိုင်းဝန်းဖမ်းဆီးရိုက်နှက် ကြပြီး မြို့စားမင်းထံကို အပ်နှံကြပါသတဲ့။ အဲဒီလို မြို့အုပ်မင်းထံကို ရောက်တဲ့အခါ မြို့စားမင်းက သူဆင်းရဲကို ဒီလိုပြောခဲ့တယ်။
"မင်းဟာ ဘဝရှင်မင်းတရားကြီး ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်သူ ငမိုက်သားပဲ။ ဒါကြောင့် မင်းဟာ ကြိုးပေးပြီး သေဒဏ်စီရင်ခြင်း ခံရမယ်"
အဲဒီလို မြို့စားမင်းရဲ့ အမိန့်ကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောတယ်။ "ကျွန်တော်မျိုးဟာ အင်မတန် ဆင်းရဲလှပါတယ်၊ တွယ်တာစရာ ပူပင်စရာ မိသားစုတစုံတရာလည်း မရှိသူ ဖြစ်ပါတယ်။
ဒါကြောင့် သေဒဏ်ကျခံရလည်း ကျွန်တော်မျိုးအတွက် အကြောင်းမဟုတ်ပါဘူးလေ။ ဒါပေမယ့်လည်း ကျွန်တော်မျိုး တသက်လုံး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ လျှို့ဝှက်ချက်တခုကိုတော့ မသေခင်မှာ တစုံတယောက်ကို ပြောသွားချင်ပါတယ်"
အဲဒီအခါ မြို့စားဟာ သူဆင်းရဲရဲ့ လျှို့ဝှက်ချက်ကို သိချင်လာတယ်။ "မောင်မင်းမှာ ဘာလျှို့ဝှက်ချက်ရှိလဲ" လို့ မေးတယ်။ အဲဒီအခါ သူဆင်းရဲက
"ကျွန်တော်မျိုးမှာ အင်မတန် ထူးဆန်းတဲ့ အတတ်ပညာရှိပါတယ်။ အဲဒီအတတ်ပညာကတော့ တလည်းစေ့တလုံးကို မြေကြီးထဲမှာ မြှုပ်လိုက်ပြီးတဲ့နောက် ညတွင်းချင်း အပင်ပေါက်ပြီး ကြီးထွားလာအောင်လုပ်တဲ့ အတတ်ပညာ ဖြစ်ပါတယ်။
အဲဒီအတတ်ပညာကို ကျွန်တော်မျိုးကြီးဟာ ဘုရင်ကြီးရဲ့ ရှေ့မှောက်မှာ ပြသချင်ပါတယ်။ အဲဒီအခွင့်အရေး ပြီးရင်တော့ ကျွန်တော်မျိုးကို စိတ်တိုင်းကျ သတ်ဖြတ်အပြစ်ပေးပါတော့" လို့ တောင်းဆိုလိုက်တယ်။
အဲဒီလို သူဆင်းရဲရဲ့ စကားကို ကြားတဲ့အခါ မြို့စားမင်းက "ကောင်းပြီလေ၊ ဒါဖြင့် မင်းကို နောက်ဆုံးအခွင့်အရေးပေးတဲ့ အနေနဲ့ မင်းတရားကြီးရှေ့မှောက်ကို ခေါ်ဆောင်သွားပေးမယ်" လို့ ကတိကဝတ် ပြုလိုက်တယ်။ အဲဒီနောက်မှာတော့ မြို့စားဟာ ဘုရင်ကြီးရဲ့ ရှေ့ကို ဝင်ရောက်ပြီး အကြောင်းစုံ လျှောက်တင်တယ်။
မြို့စားရဲ့ လျှောက်တင်ချက်ကို ကြားပြီးတဲ့အခါ ဘုရင်မင်းကြီးက သူ့ရဲ့အပါးမှာ အမြဲတမ်း ခစားလေ့ရှိတဲ့ အမတ်ချုပ်ကြီး၊ ဘဏ္ဍာစိုးကြီးနဲ့ မြို့စားကြီးကို ခေါ်ဆောင်ပြီး ဘုရင့်ဥယျာဉ်တော်ရဲ့ တလင်းပြင်ကို ထွက်လာခဲ့ကြတယ်။
အဲဒီနောက်မှာတော့ ဘုရင်ကြီးဟာ သူဆင်းရဲကို အစောင့်တွေနဲ့ ခေါ်ဆောင်လာစေတယ်။ အတုပ်အနှောင်ကို ဖြေလျှော့စေပြီးတလင်းပြင်မှာ နေရာယူစေတယ်။ အဲဒီနောက်မှာတော့ ဘုရင်ကြီးဟာ သူဆင်းရဲရဲ့ လျှို့ဝှက်အပ်တဲ့ အတတ်ပညာကို ပြသစေတယ်။
သူဆင်းရဲဟာ ဘုရင့်ဥယျာဉ်တော်ရဲ့ တလင်းပြင်မှာ ကျင်းတခုကို တူးတယ်။ အဲဒီနောက်မှာတော့ သူ့ခါးကြားထဲမှာ ထည့်ထားတဲ့ တလည်းစေ့ကို လက်မှာကိုင်ပြီး ဂါထာတမျိုးကို စတင်ရွတ်ဖတ်တယ်။ အဲဒီနောက်မှာတော့ သူဟာ ဘုရင်ကြီး၊အမတ်ချုပ်ကြီးနဲ့ ဘဏ္ဍာစိုးကြီးဘက်ကိုလှည့်ပြီး ဒီလိုပြောခဲ့တယ်။
"အခု ကျွန်တော်မျိုးရာဇဝတ်သားရဲ့ အစီအရင် ပြီးဆုံးပါပြီအရှင်တို့။ ကျွန်တော်မျိုး လက်ထဲက တလည်းစေ့ဟာ သိဒ္ဓိဝင် တလည်းစေ့ ဖြစ်သွားပါပြီး။ အဲဒီတလည်းစေ့ကို ခိုးမှု မကျူးလွန်ဘူးတဲ့ အပြစ်ကင်း ဖြူစင်သူ စိုက်ပျိုးလိုက်တာနဲ့ နေ့ချင်းညချင်း အပင်ပေါက် ကြီးထွားလာမှာ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ အရေးပါ အရာရောက်တဲ့ နေရာကို ယူထားကြသူတွေဟာ အင်မတန် ဖြူစင်မြင့်မြတ်သူတွေ ဖြစ်မှာပါ။ ကျွန်တော်မျိုးလို သူခိုးတယောက်ကတော့ ခိုးမှု ကျူးလွန်ပြီး ဖြစ်တဲ့အတွက် စိုက်ပျိုးလို့ မရတော့ပါဘူး။ အဲဒီတော့ ဒီတလည်းစေ့မခိုးဘူးတဲ့ အရှင်တို့သာ ဆောင်ယူပြီး စိုက်ပျိုးကြပါတော့"
အဲဒီနောက်မှာတော့ သူဆင်းရဲဟာ တလည်းစေ့ကို အမတ်ချုပ်ကြီး လက်ထဲကို ထည့်လိုက်တယ်။ အမတ်ချုပ်ကြီးရဲ့ မျက်နှာဟာ မလုံမလဲ ဖြစ်လာပြီး ကြောက်ရွံ့လာတယ်။ အဲဒီနောက်မှာတော့ အမတ်ချုပ်ကြီးက ဘုရင်ကြီးကို ဒီလို လျှောက်တင်လိုက်တယ်။
"ကျွန်တော်မျိုး ရှက်ရှက်နဲ့ ဝန်ခံပါရစေဘုရား။ ကျွန်တော်မျိုးငယ်စဉ်က ကစားဖော်တယောက်ရဲ့ ထွေပြားကို ခိုးယူထားခဲ့ဘူးပါတယ်။ အဲဒီတော့ ကျွန်တော်မျိုးဟာ ဖြူစင်သူ မဟုတ်ပါဘုရား"
အဲဒီလိုနဲ့ အမတ်ချုပ်ကြီးဟာ တလည်းစေ့ကို ဘဏ္ဍာစိုးကြီးထံကို လက်ဆင့်ကမ်းလိုက်တယ်။ ဘဏ္ဍာစိုးကြီးဟာလည်း လိပ်ပြာမလုံတဲ့ အမူအရာနဲ့ ဒီလိုပြောပြန်တယ်။
"ကျွန်တော်မျိုးဟာ ဘုရင့်ဘဏ္ဍာကို ကိုင်တွယ် ထိန်းသိမ်းနေရသူဆိုတော့ တခါက ဒင်္ဂါးပြားတပြားကို အိပ်ထဲကို ဆောင်ယူလာမိပါတယ်ဘုရား။ အရှင်အပြစ်ပေးရင်လည်း ခံရမှာပါပဲ။ ကျွန်တော်မျိုးဟာလည်း ခိုးမှုကျူးလွန်သူပါဘုရား"
အဲဒီလိုနဲ့ ဘဏ္ဍာစိုးကြီးဟာ တလည်းစေ့ကို ဘုရင်ကြီးလက်တော်ထဲကို ထည့်ပေးလိုက်တယ်။ အဲဒီအခါမှာလည်း ဘုရင်ကြီးက "ငါကိုယ်တော်လည်း ခိုးမှုကျူးလွန်ခဲ့ဘူးတာပဲ မင်းကြီးတို့ရဲ့။ ငါကိုယ်တော် အိမ်ရှေ့စံဘဝက ဖခမည်းတော်ရဲ့ လည်ဆွဲကို မပြောဘဲ ယူဆောင်ဆင်မြန်း ခဲ့မိတယ်။ ဖခမည်းတော်က ခွင့်လွှတ်တော်မူလို့ ဒီလို ထီးနန်းအရိုက်အရာ စံစားခွင့်ရခဲ့တာပဲ"
အဲဒီလို ဘုရင်ကြီး၊ ဘဏ္ဍာစိုးကြီးနဲ့ အမတ်ချုပ်ကြီးရဲ့ စကားတွေကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောခဲ့တယ်။
"အရှင်တို့ အရှင်တို့ဟာ ရွှေ၊ ငွေ၊ စည်းစိမ် ပြည့်စုံပါရက်နဲ့ ခိုးမှုကျူးလွန်ခဲ့ကြသူတွေ ဖြစ်တယ်။ အရှင်တို့ဟာ ခိုးမှုကျူးလွန်ပါရက်နဲ့ အပြစ်ဒဏ် တစုံတရာမှ ကျခံရခြင်း၊ ခံစားရခြင်း မရှိခဲကြဘူး။ ကျွန်တော်မျိုးလို သူဆင်းရဲဟာ ငတ်လွန်းမက ငတ်တဲ့အတွက် တနပ်စာမျှတောင် မရှိတဲ့ ပေါင်မုန့်လေးတဖဲ့ကို ခိုးယူစားသောက်မိခဲ့တာပဲ ဖြစ်တယ်။
အဲဒီပေါင်မုန့်တဖဲ့ကို စားသောက်မိတဲ့အတွက် လူအများရဲ့ ရိုက်ပုတ်ခြင်းကိုလည်း မချိမဆံ့ ခံခဲ့ရသေးတယ်။ အဲဒီအပြင် အခုမင်းတရားကြီးရဲ့ ဥပဒေအရ သေဒဏ်တောင် ကျခံရတော့မယ်။
အဲဒီအဖြစ်ကို ဆင်ခြင်စဉ်းစားပေးတော် မူကြပါဘုရား။ ကျွန်တော်မျိုးကြီးလို သူဆင်းရဲ အငတ်တယောက်တောင် သေဒဏ်ကို ခံရသေးရင် တိုင်းပြည်ကို အုပ်ချုပ်၊ တရားသဖြင့် စီရင်တတ်တဲ့ အရှင်တို့လို လူတွေက ပိုပြီးကျခံရမှာမဟုတ်ဘူးလား"
အဲဒီလို သူဆင်းရဲရဲ့ စကားကို ကြားတဲ့အခါ ဘုရင်ကြီးဟာ အင်မတန်မှ သတိသံဝေဂ ရခဲ့တယ်။ သူဆင်းရဲကို အပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး အပါးတော်မြဲ အမတ်အဖြစ် ခန့်အပ်ပြီး မြို့တမြို့ကိုလည်း အပိုင်စားပေးတော် မူခဲ့တော့တယ်။ Crd
0 Comments