စက္ကူကို မဖောက်နိုင်သော ကြွက်

ကျွန်တော့်အိမ်ခန်းထဲ ကြွက်တကောင် ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်း မရဘူး။ ကြွက်က တော်တော်လည်တဲ့ ကြွက်လို့ ထင်တယ်။

ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော် ကောင်းကောင်း အိပ်မရဘူး။ အဲဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့ လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။

ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတဆင့် ဝင်လာတယ် ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။

ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။

မိတ်ဆွေတဦးကို အဲဒီအကြောင်း ပြောပြတော့ သူကရယ်ပြီး "ဒါ လွယ်လွယ်လေးပါ ကြွက်ဖောက်ထားတဲ့ အပေါက်ကို စက္ကူတချပ်နဲ့ ကပ်ထားလိုက်ရုံပဲ" လို့ အကြံပေးတယ်။

သူ့အပြောကို သိပ်ယုံကြည်ပုံ မပေါက်တဲ့ ကျွန်တော့်ကို ကြည့်ပြီး သူက "တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ" လို့ ပြောတယ်။ မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော် လုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။

မှောင်စပျိုးတာနဲ့ ကျွန်တော် စောင့်ကြည့်မိတယ်။ ပါးလျတဲ့ စက္ကူတချပ်က ပါးနပ်တဲ့ ကြွက်တကောင်ကို တားနိုင်ပါ့မလား။ တကယ်လည်း အခြေအနေက ထူးခြားခဲ့တယ်။ ပြတင်းပေါက် အပြင်က ကြွက်ဟာ အထဲကို ဝင်မရလို့ စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီး ဂနာမငြိမ် ဖြစ်နေတယ်။

တကယ်တော့ လက်သည်းလေးတချက် ကုပ်လိုက်တာနဲ့၊ ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့ စက္ကူဗြဲပြီး အထဲကို သူဝင်နိုင်ပါတယ်။

ဒါပေမယ့် ကြွက်က အဲဒီလို မလုပ်ခဲ့ဘူး။ သွားနဲ့ပဲ ကိုက်ဖြတ်တတ်တဲ့ သူ့အကျင့်က ပြောင်ချောချောစက္ကူကို မကိုက်ဖြတ်တတ်ခဲ့ဘူး။

စက္ကူလေးတချပ်ကြောင့် သူ့ရဲ့ ပါးနပ်မှုတွေ အသုံးမဝင်တော့တာ တကယ့်အံ့သြစရာပါပဲ။ နောက်ပိုင်းမှာ ကျွန်တော့်အိမ်ခန်းထဲ အဲဒီကြွက် ထပ်ဝင်မလာခဲ့တော့ဘူး။ စက္ကူတချပ်နဲ့ သူတားဆီး ခံလိုက်ရတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး "ဘာကြောင့်" ဆိုတဲ့ မေးခွန်းက ကျွန်တော်ကို အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တယ်။ နောက်ဆုံးမှာ "တသတ်မှတ် တွေးတောမှုကြောင့်" ဆိုတာကို ကျွန်တော် သဘောပေါက် နားလည်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ကြွက်ကို တားဆီးထားတဲ့ စက္ကူချပ်လိုပါပဲ။ အခက်အခဲ၊ အတားအဆီးနဲ့ ကြုံတဲ့အခါ တသတ်မှတ်အတွေးတွေကို ကျွန်တော်တို့ လှည့်ပြောင်းပေးခဲ့မယ် ဆိုရင် ကြံစည်မှု အသစ်တွေနဲ့ စက္ကူကို အလွယ်တကူ ဆုတ်ဖြဲနိုင်မှာ အသေအချာ ဖြစ်ပါတယ်။ Xi Wan

Post a Comment

0 Comments