မိန်းကလေးနှင့် သေမင်း

နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ မိန်းကလေးတယောက် သေဆုံးသွားသည်။ သူမ ဒါကို သတိထားမိတဲ့အချိန် သေမင်းဟု ယူဆရသည့် ဝတ်ရုံနက် ခြုံထားသော လူကြီးက သူ့ဘေး ရောက်နှင့်နေပြီ။

လက်ထဲမှာလည်း တဖက်က သူကိုင်နေကျ တူရွှင်း အရှည်ကြီးနဲ့၊ နောက်တဖက်မှာ လက်ဆွဲသေတ္တာလေး တခုနဲ့။ သေမင်းက ထိုမိန်းကလေးကို ပြောသည်။

"လာ ကလေးမလေး သွားဖို့ အချိန်တန်ပြီ"

မိန်းကလေးက "ဟင် မြန်လိုက်တာ သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီး ကျန်သေးတယ်" လို့ ပြောတော့ သေမင်းက

"တကယ် စိတ်မကောင်းပါဘူး။ အချိန်မရှိတော့လို့ပါ" လို့ ပြန်ပြောတယ်။

"ဦးလက်ထဲက သေတ္တာထဲမှာ ဘာတွေထည့်ထားတာလဲ"

"မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ"

"သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား။ ဦးဆိုလိုတာ သမီးရဲ့ အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေကိုလား"

"အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး။ အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲ ဆိုင်တာ"

"ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား"

"မှတ်ဉာဏ်က အချိန်နဲ့ပဲဆိုင်တာ"

"ဒါဆို သမီးရဲ့ ပညာလား"

"ပညာက ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ"

"ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား"

"မဟုတ်ဘူး မိတ်ဆွေတွေက မင်းဖြတ်သန်းလာခဲ့တဲ့ ဘဝရဲ့ ဧည့်သည်တွေ"

"ဒါဆို သမီးရဲ့ ချစ်သူ လား"

"မဟုတ်ဘူး သူက မင်းရဲ့ အတွေးနဲ့ပဲ ဆိုင်ခဲ့တာ

"ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲ ဖြစ်ရမယ်"

"ဟင့်အင်း ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲ ဆိုင်တာ"

"ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ဝိညဉ်လား"

"သနားစရာကောင်းတဲ့ မိန်းကလေးရယ် မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ"

မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီး ဇောချွေးပြန်လာသည်။ သူ မစောင့်နိုင်တော့ဘဲ သေမင်းလက်ထဲက သေတ္တာလေးကို ဆွဲယူဖွင့်လိုက်သည်။ အထဲမှာ ဘာမှ မပါ။ ဗလာနတ္တိ ဖြစ်နေသည်။

သူ အသည်းကွဲသွားသည်။ မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။

"သမီး ဘယ်တုန်းကမှ ဘာမှ မပိုင်ဆိုင်ခဲ့ဘူး ပေါ့လေ ဟုတ်သလား"

"ဟုတ်တယ် မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး"

"ဒါဆို ဘယ်အရာက သမီးနဲ့ ဆိုင်ခဲ့သလဲ"

"မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း မင်း အသက်ရှိစဉ်အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင်ခဲ့တယ်။ လူဘဝဆိုတာ မျက်တောင်တချက် ခတ်တိုင်းမှာ ဖြစ်ပျက်သွားကြတာပဲလေ" တဲ့။

မှတ်ချက်။ ။ သေမင်းသည် သင်တို့ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာ ကောင်းသောသူ မဟုတ်ပါ။ သင့်ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။

သင့်ရဲ့ စက္ကန့်တိုင်း မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။ အသက်ကို တန်ဖိုးထားပါ။ အသက်မှာ ပျော်ရွှင်ပါ။ အသက်ကို ရှင်သန်ပါ။ သေမင်းသေတ္တာထဲမှာ ထည့်သွားနိုင်တဲ့ ဒါန၊ သီလ၊ ဘာဝနာ များကို ပြုပါ။ crd

Post a Comment

0 Comments