တခါက ရွာတရွာမှာ အင်မတန် ပျင်းရိဖင့်နွဲ့တဲ့ လယ်သမားတယောက်ရှိတယ်။ သူဟာ လယ်ကွက်အကျယ်ကြီးကို ပိုင်ဆိုင်ထားပေမယ့်လည်း အင်မတန် သေးငယ်တဲ့ အစိတ်အပိုင်းလေးကိုသာ ထွန်ယက် စိုက်ပျိုးတယ်။
အဲဒီလို ထွန်ယက်စိုက်ပျိုးထားတဲ့ အပင်တွေကိုလည်း ကြိုးကြိုးစားစား ရေလောင်းပေါင်းသင်ခြင်းလည်း မရှိပါဘူးတဲ့။ ရေလောင်းချင်တဲ့အခါ လောင်းသလို စိတ်မပါတဲ့ အခါမှာလည်း ပေါင်းမြက်တပင်ကိုတောင် နှုတ်သင်ခြင်းမရှိဘဲ ပျင်းရိလို့သာနေတယ်။
အဲဒီလို ပျင်းရိတဲ့အတွက်လည်း လယ်သမားရဲ့ဇနီးသည်ဟာ လယ်သမားကို မကြာခဏ ပူညံပူညံပြောလေ့ ရှိတယ်။ "ရှင့်လို ပျင်းတဲ့ယောက်ျားနဲ့ ရတာ ကျမအတွက်တော့ ကံဆိုးတာပဲ။
မယူခင်ကျတော့ ဖျာလိုလိပ်ပြီး ထိပ်ပေါ် တင်ထားရုံမကဘူး တောင်းထဲထည့်ပြီးတောင် ရွက်မလေး ဘာလေးနဲ့ ခုကျတော့ ကလေးတယောက်သာ အဖတ်တင်တယ်။ ရှင် ဒီလို ပျင်းနေပုံမျိုးနဲ့ဆို ကြာရင် ဝတ်စရာမရှိလို့ အပ်ချည်ကြိုး ခါးထောင်းကျိုက်ထားတဲ့ဘဝ ရောက်လိမ့်မယ်"
လယ်သမားရဲ့ ဇနီးသည်ဟာ အဲဒီလို အမြဲပဲ မြည်တွန်တောက်တီးနေပေမယ့် လယ်သမားကတော့ ပျင်းရိမြဲ ပျင်းရိလို့သာနေတယ်။ တနေ့တော့ လယ်သမားဟာ သူ့ခြံပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုနေရင်း သူ့အတွက် စိတ်ပျက်စရာတခုကို တွေ့လိုက်ရတယ်။
အဲဒါကတော့ သူ့လယ်ကွက်ကို ပတ်ပြီး ကာရံထားတဲ့ ခြံစည်းရိုးရဲ့ အစိတ်အပိုင်းတခုဟာ ကျိုးနေတာပဲဖြစ်တယ်။ အဲဒီလို ကျိုးပဲ့နေတဲ့ အတွက်လည်း ခြံစည်းရိုးမှာ အပေါက်ကြီးတခု ဖြစ်လို့နေတယ်။
"ဟာကွာ သောက်လုပ်မလုပ်ချင်ပါဘူးဆိုမှ.. ဒီခြံစည်းရိုးက ကျိုးနေပြန်ပြီ။ ဆိတ်တွေ၊ နွားတွေ ငါ့အသီးအနှံတွေ ဝင်စားမှာလည်း ကြောက်ရသေးတယ်။ ခြံစည်းရိုးကို အမြန်ပြင်မှ တော်ခါကျမယ်"
လယ်သမားဟာ အဲဒီလို တွေးမိပေမယ့်လည်း ပျင်းရိတာကြောင့် ခြံစည်းရိုးပြင်မယ့် အလုပ်ကို နောက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်။ "ဒီနေ့က နေပူလွန်းတယ် ကြာရင် ဒီဟိုက်ဒရေးရှင်း ဖြစ်ပြီး မသာပေါ်နိုင်တယ်။ နောက်နေ့ နေအေးတော့မှပဲ ခြံစည်းရိုးပြင်တော့မယ်"
ဒါပေမယ့်လည်း နောက်တနေ့မနက်ကို ရောက်တဲ့အခါမှာတော့ လယ်သမားဟာ ခြံစည်းရိုးပြင်ရမယ့် ကိစ္စကို လုံးလုံးမေ့လျော့သွားခဲ့တယ်။ အဲဒီလိုနဲ့ နေရက်တော်တော်များများ ကုန်လွန်လာပြန်တယ်။ အဲဒီအချိန်အထိ လယ်သမားဟာ ခြံစည်းရိုးကိစ္စကို မေ့လျော့နေဆဲ ဖြစ်တယ်။
တနေ့မှာတော့ သူဟာ ခါတိုင်းလိုပဲ သူ့အိမ်နားမှာရှိတဲ့ အရိပ်ကောင်းတဲ့ နေရာတခုမှာ ပက်လက်ကုလားထိုင် တလုံးကို ဖြန့်ခင်းပြီး အိပ်စက်ဖို့ ပြင်ဆင်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ဆိတ်တအုပ်ဟာ သူ့ရဲ့ခြံစည်းရိုး အပေါက်ကနေ သူ့စိုက်ခင်းထဲကို ဝင်ရောက်လာတယ်။
အဲဒီအခါမှာတော့ လယ်သမားဟာ ထိုင်ရာမထပဲ သူ့ဇနီးကို လှမ်းခေါ်လိုက်တယ်။ "မိန်းမရေ လာပါဦးဟ ဘာလုပ်နေတာတုန်း ဒီမှာဆိတ်တွေ စိုက်ခင်းထဲဝင်ကုန်ပြီ လာမောင်းစမ်းပါဦးဟ"
လယ်သမားက အဲဒီလို အော်လိုက်တဲ့အခါ သူ့ရဲ့ဇနီးသည်ဟာ ချက်ပြုတ်လက်စတွေကို ခဏချထားခဲ့ပြီး ဆိတ်တွေကို မောင်းဖို့အတွက် စိုက်ခင်းထဲကို ပြေးလွှားထွက်လာတယ်။
အဲဒီအခိုက်မှာပဲ လမ်းဘေးက ခွေးဝဲစားတကောင်ဟာ လယ်သမားဇနီးရဲ့ ချက်ပြုတ်လက်စ ဟင်းနဲ့ ထမင်းတွေကို စားသောက်ဖို့အတွက် မီးဖိုချောင်ထဲကို ဝင်သွားတာကို လယ်သမား မြင်တွေ့လိုက်ရတယ်။
"ဟာ ဒီသောက်ခွေးက ဒုက္ခပေးပြန်ပြီ" လို့ လယ်သမားက ရေရွတ်ရင်း သစ်သားတုတ်တချောင်းကို ကိုင်ဆွဲကာ မီးဖိုချောင်ထဲကို အပြေးအလွှား သွားပြန်တယ်။ လယ်သမားဟာ အစားအသောက်တွေကို စားဖို့ ဟန်ပြင်နေတဲ့ခွေးကို သူ့လက်ထဲက တုတ်နဲ့ လှမ်းပေါက်လိုက်တယ်။
လယ်သမားပစ်လိုက်တဲ့ တုတ်ဟာ ခွေးကိုမထိမှန်ဘဲ မီးဖိုချောင်နောက်က မြေကွက်လပ်မှာ ဆော့ကစားနေတဲ့ လယ်သမားရဲ့ သားကလေးကို ထိမှန်သွားတယ်။
ကလေးဟာ လယ်သမား ပစ်လိုက်တဲ့ တုတ်ကြောင့်ပဲ ခေါင်းကွဲသွားရ ပြန်တယ်။ လယ်သမားရဲ့ လယ်ကွင်းဟာလည်း ဆိတ်တွေရဲ့ ဝင်ရောက်ဖျက်ဆီး စားသောက်မှုကြောင့်ပဲ ပျက်စီးသွားခဲ့ပြန်တယ်။
လယ်သမားရဲ့ ဇနီးသည်ဟာလည်း လယ်သမားရဲ့ ပေါ့လျော့မှုကြောင့် ကလေးခေါင်းကွဲ၊ စိုက်ခင်းလည်း ပျက်စီးတာကြောင့် စိတ်ဆိုး ဒေါသထွက်ခါ အိမ်ကနေ ဆင်းသွားခဲ့ပါသတဲ့။ အဲဒီအချိန်ကစပြီး အလုပ်ကို ရွှေ့ဆိုင်းတတ်တဲ့ လယ်သမားဟာ သင်ခန်းစာကောင်းတခုကို ကောင်းစွာ သိရှိသွားခဲ့ပါသတဲ့။ ဖြိုးသုတ
0 Comments