အိန္ဒိယနိုင်ငံတွင် ဖြစ်သည်။ ရထားတစင်းသည် အမြင့်ဆုံး အရှိန်ဖြင့် ပြေးနေသည်။ ရထားတွဲ တတွဲအတွင်း၌ အိန္ဒိယသား တဦးသည် ဗြိတိသျှသားများနှင့် အတူထိုင်နေသည်။ ဗြိတိသျှသားတွေက အိန္ဒိယသားကို လှောင်ပြောင်ကာ ရယ်မောနေကြသည်။
အိန္ဒိယသား ဝတ်စားထားသည့် အဝတ်အစားများကို ကြည့်ကာ သူ့အား ငကြောင်ဟု ခေါ်နေကြသလို၊ တချို့ကလည်း စိတ်ဆိုးကာ ရန်လိုအော်ဟစ်နေကြသည်။ သူတို့စီးသည့် ရထားတွဲထဲတွင် အဘယ်ကြောင့် အိန္ဒိယသားတဦးကို ခွင့်ပြုရသနည်း ဆိုကာ ကြိမ်ဆဲနေသူတွေကလည်း ရှိသေးသည်။
သူတို့တွေ ဘာတွေပြောပြော ဘယ်လောက်ပဲဆဲဆဲ ဒိုတီဟုခေါ်သည့် အဝတ်ကိုဝတ်ပြီး အပေါ်အင်္ကျီ အနက်ရောင်ကုတ်ကို ဝတ်ကာ၊ ခေါင်းပေါင်းကြီးနှင့် ပုဂ္ဂိုလ်ကား ဘာမျှမဖြစ်သလို တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် လိုက်ပါလာသည်။ သူ့မျက်နှာက တည်ငြိမ်နေပြီး တစုံတခုကိုသာ အာရုံစိုက်နေသည့် သဘောလည်းရှိသည်။
ရထားကား အရှိန်ဖြင့် ပြေးနေဆဲ၊ အိန္ဒိယသားကို ဗြိတိသျှသားတွေက လှောင်ပြောင်ဆဲ၊ စော်ကားဆဲ။ ထိုအချိန်မှာ အိန္ဒိယသားက ရုတ်တရက် မတ်တတ် ထလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"ရထားကို ရပ်ခိုင်းလိုက်" သူက ပြောပြောဆိုဆိုနှင့် ရထား အရေးပေါ် သံကြိုးကို သွားဆွဲလိုက်သည်။ ရထားက ရပ်သွားသည်။
ရထားကို ရပ်စေသဖြင့် ဗြိတိသျှသားတွေက စိတ်ဆိုးဒေါသထွက်ကာ သူ့ကို ရန်မူမည့်ပုံစံများ ပြုလာကြသည်။ သို့သော် အိန္ဒိယသားသည် မကြောက်မရွံ့ ရဲဝံ့စွာဖြင့် ရပ်နေသည်။
ရထားတွဲစောင့်က ရောက်လာပြီးနောက် "ရထားကို ဘယ်သူ ရပ်ခိုင်းလိုက်တာလဲကွ" ဟု အော်သည်။ ဗြိတိသျှသားတွေ မပြောမီ အိန္ဒိယသားက "ကျုပ်ရပ်ခိုင်းလိုက်တာ" ဟု ပြောသည်။
ရထားတွဲစောင့်က စိတ်ဆိုးပြီး "မင်းရူးနေသလား၊ ရထားကို ခုမှစီးဖူးသလား၊ ရထားကို အကြောင်းမဲ့ ရပ်ခိုင်းတာ ပြစ်မှုမြောက်တယ် ဆိုတာ မသိဘူးလား" ဟု ဆိုလိုက်သည်။
အိန္ဒိယသားကာ တည်ငြိမ်စွာဖြင့် "ငါသိတာပေါ့ကွာ၊ ငါသာ ရထားကို မရပ်ခိုင်းလိုက်ရင် ရထားပေါ်မှာ လိုက်ပါလာတဲ့ ရာပေါင်းများစွာသော အသက်တွေ သေမှာစိုးလို့ ရပ်ခိုင်းတာ"
သူ့စကားကို ကြားလိုက်ရသည့် ခဏတွင် ရထားတွဲပေါ်က လူတွေက ရယ်ကြသည်။ အိန္ဒိယသားက ဆက်ပြောသည်။ "ဒီနေရာနဲ့ မဝေးတဲ့ဆီမှာ ရထားလမ်းတွေ ပျက်နေတယ်ကွ။
သေချာသိချင်ရင် မင်းတို့ကိုယ်တိုင် သွားကြည့်လိုက်" သူ့စကားကြောင့် ရထားတွဲစောင့်နှင့် ဗြိတိသျှသားတို့သည် ရထားပေါ်မှ ဆင်းကာ ရထားရှေ့ကို ဆက်လျှောက်ပြီး စစ်ဆေးကြည့်ကြသည်။
မဝေးလှသော နေရာတွင် ရထားလမ်းတွေ ပျက်နေသည်ကို တွေ့လိုက်ရသောကြောင့် သူတို့ တုန်လှုပ်သွားကြသည်။ ရထားလမ်းဆက်ထားသည့် မူလီတွေကို ဖြုတ်ထားကာ သံလမ်းတွေကို ဖျက်ထားခြင်း ဖြစ်သည်။
ရထားတွဲစောင့်နှင့် ဗြိတိသျှသားတွေက ရထားတွဲဆီကို ပြန်လာပြီးနောက် "ရထားလမ်းတွေ ပျက်နေတယ်ဆိုတာ မင်းဘယ်လိုသိသလဲ" ဟု မေးကြလေသည်။
အိန္ဒိယသားက ဖြေသည်။ "ရထားတွဲပေါ်မှာ လူတွေက သူတို့ပြောချင်ရာ ပြောပြီး အလုပ်ရှုပ်နေချိန်မှာ ကျုပ်ကတော့ ရထားရဲ့ အမြန်နှုန်းကိုပဲ ဂရုစိုက်နေတာ။
ကျုပ်နားထဲမှာ အာရုံစိုက်နေတာက ရထားသွားတဲ့ အရှိန်နဲ့ ရိုက်ခတ်ပြီး ထွက်လာတဲ့ တုန်ခါသံပဲ။ ဟိုးအဝေးမှာ ရထားလမ်းပျက်နေတယ် ဆိုတာ ကျုပ်က ရထားသံကိုပဲ နားစိုက် နေလို့ပေါ့" ဟု ဆိုလိုက်လေသည်။
အားလုံး ဘာမှမပြောနိုင်လောက်အောင် ကြက်သေ သေကုန်ကြသည်။ ရထားစောင့်က "အဲဒီလိုသိရအောင် ခင်ဗျားက ဘာလဲ။ ခင်ဗျားဟာ သာမန်လူတော့ မဖြစ်နိုင်ဘူး။ ပြောစမ်းပါဦး" အိန္ဒိယသားက ယဉ်ကျေးစွာ ဖြေလိုက်သည်။ "ကျုပ်ဟာ အိန္ဒိယ အင်ဂျင်နီယာ မိုရှာဂန်ဒန် ဗစ်ဗက်ဗရာယာ"
လူတယောက်ကို သူဝတ်ထားသည့် အဝတ်အစားအား ကြည့်ကာ မဆုံးဖြတ်သင့်ပေ။ အလားတူပင် ပညာရှင်သည်လည်း ကိုယ့်အလုပ်တွင်သာ ကိုယ်အာရုံကို စူးစိုက်ထားသင့်သည်။ လောကတွင် မည်သူမျှ ဘက်စုံမကျွမ်းကျင်နိုင်ပေ။
အရာရာတွင် ငါသိ၊ ငါတတ်၊ ငါသာမြတ် မဖြစ်နိုင်ပေ။ မည်သူမဆို ကိုယ်လုပ်သည့် အလုပ်ကို အလေးထားလျှင် ကိုယ့်ကိုယ်ကိုလည်း ကယ်တင်ရာ ရောက်သလို သူတပါးကိုလည်း ကယ်တင်ရာရောက်သည်။ ဘေးစကားတွေကို အလေးထားနေလျှင် အတွေးများ ပျက်တတ်သည်။ Tin Nyunt
0 Comments