တခါတုန်းက လူကြီးတယောက်ဟာ အလုပ်ကနေ ပင်စင်ယူပြီးနောက် အားလပ်သွားတာနဲ့ တောင်ပေါ်မြို့ကို ခရီးသွားဖို့ ပြင်ဆင်ခဲ့ပါတယ်။
တကိုယ်တော်ခရီးမို့ ခရီးဆောင်အိတ် ခပ်သေးသေးတလုံးသာ သယ်ဆောင်ရင်း မီးရထားစီး ခရီးထွက်ခဲ့ပါတယ်။ အအေးဒဏ် အပူဒဏ် သက်သာစေဖို့ သူ့ရဲ့သမီး လက်ဆောင် ဝယ်ပေးလိုက်တဲ့ ဦးထုပ် အသစ်လေးဆောင်းရင်း လိုက်ပါလာခဲ့တယ်။
ဖြစ်ချင်တော့ ရထားပြတင်းပေါက်ကနေ အပြင်ဘက် ခေါင်းထုတ်ကြည့်မိတဲ့အခိုက် လေအရှိန်ကြောင့် ဦးထုပ်အသစ်လေးဟာ ရထားအပြင်ဘက် လွင့်ပါသွားခဲ့ပါတယ်။
ဦးထုပ်လွင့်ပါသွားတာ သိလိုက်မိချိန်ထို ပင်စင်စား လူကြီးဟာ သူ့ရဲ့ ခရီးဆောင်အိတ်လေးပါ ပြတင်းပေါက်က လွင့်ပစ် လိုက် ပါတော့တယ်။
သူ့ရဲ့ အပြုအမူကို ရထားတွဲပေါ်က ပါလာသူတွေက အံ့အားသင့်သူ ကသင့်၊ ဂေါက်ကြောင်နေသူလားလို့ တွေးသူကတွေး၊ နားမလည်နိုင်သူတွေလည်း ရှိနေတော့ သူကို ဘာကြောင့် လွင့်ပစ်လဲ မေးမြန်းကြပါတယ်။
ဒီတော့ ပင်စင်စားကြီးက ဘာပြန်ပြောလဲ ဆိုတော့ "ကျနော့် ဦးထုပ်လေးက ကျနော့်သမီး လက်ဆောင်အဖြစ် ဝယ်ပေးလိုက်တဲ့ ဦးထုပ်လေးဖြစ်လို့ ကျနော် နှမျောစိတ် ဖြစ်မိတာပေါ့ဗျာ။
ဒါပေမယ့် အဲ့ဒီ ဦးထုပ်လေးမှာ ကျနော့်နာမည် မပါဘူးဗျ။ အခု လွင့်ပစ်လိုက်တဲ့ ခရီးဆောင်အိတ်လေးမှာက အမည်ရော လိပ်စာပါ ပါတယ်လေ။
ကျနော့် ဦးထုပ်လေး ကောက်ရသူသာ ဆက်ရှာရင်း အဝတ်အိတ်လေးကို ပါရှာတွေ့မယ် ဆိုရင် အမည်ရော လိပ်စာပါ ပါလို့ ပြန်လည်ပေးပို့ လို့ရအောင်လို့ တခါတည်း ပစ်ချပေးလိုက်တာပါ" လို့ ပြောလိုက်တယ်။
ထိုပင်စားကြီးက အမှန်တကယ်တော့ ရိုးသားမှုကို ရှာဖွေလိုက်ခြင်းပါပဲ။ သူမှာ ယုံကြည်ချက် ရှိနေလို့ အမည်ပါ လိပ်စာပါ ခရီးဆောင်အိတ်လေးကိုပါ အဖော်ထည့်ပြီး ပေးလိုက်ပါပြီ။
သူ့ဦးထုပ် တွေ့သူကလည်း သူ့အိတ်ကို ဆက်တွေ့သူ ဖြစ်ချင်ဖြစ်မယ်။အိတ်ချည်းပဲ တွေ့သူလည်း ရှိချင်ရှိမယ်။ ပင်စင်စားကြီး ထင်ထားသလို ပြန်ပို့ပေးသူ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဘယ်သူမှ ဘာမှမတွေ့ ပဲ လမ်းဘေးတနေရာ ဆက်ရှိချင် ရှိနိုင်တယ် မဟုတ်ပါလား။
တကယ်တော့လည်း လူ့ဘဝမှာ ရိုးသားမှုဆိုတာ ရှားပါးပြီး အဖိုးတန်တဲ့ အရာတခု ဖြစ်သလို ရိုးသားသူကို ရှာဖွေရတာကလည်း ခက်ခဲလှပါတယ်။
မိမိကိုယ်တိုင်လည်း ရိုးသားပါသည်ဟု ဆိုလည်း အခြေအနေ တရပ်နဲ့ ဆုံမိတဲ့အခိုက် ရိုးသားမှု ရှိပါ့မလားလို့ ရိုးရိုးသားသား တွေးမိပါတယ်။ Crd
0 Comments