ညတညမှာ သူခိုးတယောက်ဟာ အိမ်တအိမ်မှ ပစ္စည်းဥစ္စာကို ခိုးယူရန် ဝင်ရောက်လာ၏။ ထိုအခါ အိမ်စောင့်ခွေးကလည်း ကျူးကျော်လာသော သူခိုးကို မြင်သည်နှင့် တပြိုက်နက် ကျယ်လောင်စွာ ဟိန်းဟောင်နေသည်။
သူခိုးက ခွေးဟောင်သံကို ကြားလျှင် အိမ်သူအိမ်သား နိုး၍ သူ့ရဲ့ အကြံအစည်တွေ ပျက်စီးသွားမှာ စိုးရိမ်သောကြောင့် အလိုက်သင့် ယူဆောင်လာသော အမဲသားတုံးကို ခွေးအား လွင့်ပစ်ပေးလိုက်၏။
သို့သော်လည်း အိမ်စောင့်ခွေးက သူခိုးယူဆောင်လာသော အမဲသားတုံးကို မစားဘဲ ဆက်လက်၍ ဟောင်နေသည်။ ထို့နောက် အိမ်စောင့်ခွေးဟာ အလွန်တရာ ဒေါသထွက်လွန်း၍ သူခိုးအား
"သင့်ကို ငါက လူဆိုးတယောက်ဟုသာ ထင်ခဲ့မိသည်။ သို့သော် အခုကျတော့ ငါ့ကို အမဲသားတုံးနဲ့ နှုတ်ပိတ်အောင် လာဘ်ထိုးနေပါလား။ ဒီလိုလုပ်ရပ်ကြောင့် လူဆိုးသူခိုး အစစ်အမှန်ဆိုတာ ထင်ရှားလှသည်။
ဒါကြောင့် ရှေ့သို့ မတိုးလာပါနှင့်။ အကယ်၍ လာခဲ့လျှင် ငါ့ရဲ့ အိမ်စောင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ငါ့ရဲ့သခင် နိုးအောင်အထိ ဟိန်းဟောင်နေမည်" ဟု ပြောကြားလိုက်လေတော့သည်။
ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ သူခိုးလိုလူမျိုး မိမိလိုချင်တောင့်တတဲ့ အရာတွေကို လာဘ်ထိုးပြီး လုပ်နေကြသူများ ရှိနေတတ်ကြပါတယ်။ လာဘ်ထိုးမှုဟာ နေရာတိုင်းလိုလိုမှာ ရှိနေတတ်ကြပါတယ်။
ငွေကြေးဥစ္စာ ရှိတဲ့သူက သူတို့၏ ဖြစ်ချင်မှု လိုချင်မှုတွေကို လာဘ်ထိုးမှုများ ပြုလုပ်နေတတ်ကြပါတယ်။ ငွေကြေးဥစ္စာ မချမ်းသာတဲ့ သူတွေကျတော့ အားငယ်ငယ်နဲ့ မိမိဖြစ်ချင်တာ လိုချင်တောင့်တတာတွေကို မရခဲ့ရှာ။
နောက်ပြီး တချို့ နေရာတွေ အလုပ်အကိုင်တွေ ဌာနတွေမှာ လာဘ်ထိုးတဲ့ သူတွေကျတော့ ရှေ့ရောက်၍ လာဘ်မထိုးနိုင်တဲ့ သူတွေက နောက်မှာသာ အမြဲကျန်ရစ် နေတတ်ကြပါတယ်။
လာဘ်ထိုးမှုရဲ့ အဓိက အကြောင်းအရင်းက မိမိရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ လောဘတရားကြောင့်သာ ဖြစ်ပါတယ်။
တကိုယ်ကောင်း မဆန်ပါနဲ့။ လူတိုင်းမှာ ဖြစ်ချင်တာ ပိုင်ဆိုင်ချင်တာ ရှိနေတတ်ပါတယ်။ မျှဝေပြီး ခံစားခွင့်ပေးလိုက်ပါ။ လူတိုင်းမှာ လောဘတော့ အနည်းအများ ရှိနေတတ်ပါတယ်။ သို့သော် လောဘတရား မလွန်ကဲပါနဲ့။ ရိုးသားမှုဖြင့် ရှာဖွေ စားသောက်ပါ။ လာဘ်ထိုးမှုကို ပယ်ဖျောက်ပါ။
လာဘ်ထိုးသူထက် အရည်အချင်း ပြည့်ဝတဲ့သူကို ဦးစားပေးဖို့ လိုအပ်ပါတယ်။ လာဘ်ထိုးသူထက် ရိုးသားသူကို ဦးစားပေးဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ လာဘ်ထိုး စားသူများ ရှိနေပါလျှင် ဘာမှ သုံးစားလို့ မရတဲ့ သူလည်း အထက်အရာရှိ ဖြစ်သွားနိုင်ပါတယ်။
ဘာမှ မလုပ်တတ် မကိုင်တတ်တဲ့ သူတွေ အုပ်ချုပ်လုပ်ကိုင်နေရင် ဘာမှ ဖြစ်လာမည် မဟုတ်ပါ။ လာဘ်ထိုးမှု လာဘ်ထိုးစားမှု လျော့နည်းမှသာ လူသားတိုင်းမှာ မိမိဖြစ်ချင်တဲ့ အိမ်မက်ကို မက်၍ မိမိရဲ့ အိမ်မက်ကို ပိုင်ဆိုင်လာရမှာသာ ဖြစ်ပါတယ်။ phoomyatchal
0 Comments