ဆံညှပ် အခုတရာ

တခါတုန်းက ဘုရင်တပါးမှာ သမီးတော် (၇) ယောက် ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ ဆံညှပ် အခု (၁ဝဝ) စီ လက်ဆောင်ပေးခဲ့တယ်။

တနေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလို ဖြီးသင်နေတုန်း သူ့ရဲ့ ဆံညှပ်တချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ အဲဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တချောင်း ပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တချောင်းကို ခိုးယူလိုက်တယ်။

တတိယသမီးတော်ကလည်း သူ့ဆံညှပ်တချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တချောင်းကို ခိုးယူလိုက်တယ်။

စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ ပဉ္စမသမီးတော်က ဆဠမသမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ ဆဠမသမီးတော်က သတ္တမသမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော် အငယ်ဆုံးရဲ့ ဆံညှပ်က ၉၉ ခုပဲ ရှိတော့တယ်။

နောက်တနေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည် ရောက်လာခဲ့တယ်။ မင်းသားက "မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတကောင်ဟာ ဆံညှပ်တခုကို ကိုက်ချီလာခဲ့တယ်။

အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ် ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုး လာရောက်ရခြင်း ဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ် ပျောက်သွားသလဲ ဘုရား" လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့ စကားကို ကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ် အခုတရာစီ ရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တချောင်း ပျောက်သွားပါတယ်" လို့ ပြောလိုက်တယ်။

စကားပြောပြောပြီးချင်း ဆံညှပ်တချောင်း လျော့နေတဲ့ သမီးတော်ရဲ့ ဆံနွယ်တွေဟာ ဖြည်လျောကျ လာခဲ့တယ်။ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့ အလှကို မင်းသားဟာ ရင်သပ်ရှုမော သွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့ အဆုံးက မင်းသားနဲ့ မင်းသမီး ပျော်ပျော်ရွှင်ရွှင် ညားကြလေသတည်းပေါ့။

ဆံညှပ်အခုတရာဟာ လုံးဝပြီးပြည့်စုံတဲ့ လူ့ဘဝလို့ ဆိုရင် ဆံညှပ်တခုလျော့နေတဲ့ ဘဝက မပြီးပြည့်စုံတဲ့ဘဝလို့ ဆိုရပါမယ်။

မပြီးပြည့်စုံတဲ့ ဘဝဟာ နောင်တချိန်မှာ ပြောင်းလဲခွင့်ရှိတဲ့ အခွင့်အရေးကို ရပါလိမ့်မယ်။ အဆုံးမရှိတဲ့ ပြောင်းလဲခွင့်နဲ့ ကြုံနိုင်ပါတယ်။

ချွတ်ယွင်းချက်ရှိတာနဲ့ စိတ်ညစ်မှိုင်တွေ နေတော့မလား။ လူ့ဘဝရဲ့ မပြည့်စုံခြင်းကို ဘယ်လိုရင်ဆိုင်မလဲ။ မျက်ကွယ်ပြုတယ်ဆိုတိုင်း ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာ မဟုတ်ပါဘူး။ အထီးကျန်တယ် ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ပါဘူး။

ရယူပိုင်ဆိုင်ပြီ ဆိုတိုင်း ထာဝရတည်မြဲတာ မဟုတ်ပါဘူး။ ရှုံးဆုံးပြီဆိုတိုင်း နောက်တဖန် မပိုင်ရတော့တာ မဟုတ်ပါဘူး။ လှည့်ထွက်ခဲ့တယ်ဆိုတိုင်း စိတ်ဓာတ်ပျော့လို့ မဟုတ်ပါဘူး။ ရွေးချယ်စရာလမ်း မရှိတော့ဘူးလို့ အလျင်စလို မပြောလိုက်ပါနဲ့။

လောကမှာ အမှားနဲ့အမှန်ပဲ ရှိတယ်လို့ မထင်လိုက်ပါနဲ့။ ကိစ္စတော်တော်များများရဲ့ အဖြေဟာ တခုတည်းရှိတာ မဟုတ်ပါဘူး။ ကျွန်မတို့မှာ လျှောက်ဖို့လမ်းတွေ အမြဲရှိနေပါသေးတယ်။

လက်လွှတ်တတ်ဖို့ သိနားလည်သူဟာ ပေါ့ပါးတယ်။ မေ့တတ်ဖို့ သိနားလည်သူဟာ လွတ်လပ်တယ်။ စိတ်ညစ်ဖို့ သင်ဆင်ခြင်ပေးနိုင်ရင် ပျော်ရွှင်ဖို့ အတွက်ကိုလည်း သင် ဆင်ခြင်ရှာနိုင်ပါတယ်။ နိုင်နိုင်းစနေ

Post a Comment

0 Comments