စိတ်ထားကောင်းသော မိသားစု

တခါတုန်းက နတ်သမီးနှစ်ပါးဟာ ခရီးသွားနေရင်း ညအိပ် နားနေဖို့အတွက် ချမ်းသာတဲ့ မိသားစုအိမ်ကို အကူအညီ တောင်းပါတယ်။ ချမ်းသာတဲ့ မိသားစုက အရမ်း မိုက်ရိုင်းပြီး နတ်သမီးတွေကို အိမ်ထဲ အဝင်မခံပါဘူး။ မြေအောက်ခန်းမှာပဲ ပေးနားပါတယ်။

နတ်သမီးနှစ်ပါးလည်း အိပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ နတ်သမီးအကြီးက မြေအောက်ခန်းနံရံမှာ အပေါက်တပေါက် တွေ့လို့ ပိတ်ပေးလိုက်ပါတယ်။

နတ်သမီးအငယ်က ဘာလို့ အဲဒီလို လုပ်တာလဲ မေးတော့ နတ်သမီးအကြီးက "အရာရာတိုင်းက ညီမလေး ထင်သလို မဟုတ်ပါဘူး" လို့ပဲ ဖြေခဲ့တယ်။

နောက်နေ့ညမှာတော့ နတ်သမီးနှစ်ပါးက ဆင်းရဲတဲ့အိမ်မှာ ဝင်နားဖြစ်ပါတယ်။ အဲဒီအိမ်က လယ်သမားကြီး လင်မယားအိမ်ဖြစ်ပြီး သူတို့ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ နည်းပါးလှတဲ့ အစားအစာတွေကိုလည်း ဝေမျှပါတယ်။ သူတို့ရဲ့ ကုတင်ပေါ်မှာ နတ်သမီးတွေကို ပေးအိပ်ပါတယ်။

ဒါပေမယ့် နံနက်လင်းတဲ့ အချိန်မှာတော့ လယ်သမားလင်မယားက ငိုကြွေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားကိုးနေရတဲ့ တကောင်တည်းသော နွားကြီး သေဆုံးသွားလို့ပါ။

နတ်သမီးအငယ်က အကြီးကို အပြစ်တင်ပါတယ်။ "အမ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ချမ်းသာတဲ့အိမ်မှာ နေတုန်းကတော့ သူတို့အိမ်အပေါက်ကို ဖာပေးတယ်။ ဒီဆင်းရဲတဲ့ အိမ်မှာကျတော့ သူတို့ရဲ့နွားကို သေစေတယ်။ အမ ဘာလို့ မကူညီတာလဲ"

နတ်သမီးအကြီးက ပြောပါတယ်။ "အရာရာတိုင်းက ညီမလေးထင်သလို မဟုတ်ပါဘူး။ ချမ်းသာတဲ့ အိမ်ရဲ့ မြေတိုက်ခန်းက အပေါက်ကို အမ ပိတ်လိုက်တာက အဲဒီအပေါက်ထဲမှာ ရွှေတွေကို တွေ့ရလို့ပါ။ တကယ်လို့ ရွှေတွေသာ ထပ်ရခဲ့ရင် အဲဒီချမ်းသာတဲ့ မိသားစုက ပိုပြီး မောက်မာသွားမှာစိုးလို့ အမ ပိတ်လိုက်တာပါ။

ဒီလယ်သမား လင်မယားကတော့ ညဖက်တုန်းက သေမင်းက လယ်သမားမယားကို ခေါ်ဖို့ လာပါတယ်။ အမက သူတို့ကစိတ်ကောင်းရှိသူတွေပါ လယ်ထဲကနွားကိုပဲ အစားခေါ်သွားပါ ဆိုပြီး တောင်းပန်လိုက်တာပါ။ အရာရာတိုင်းက ညီမ ထင်သလို မဟုတ်ပါဘူး"

တခါတလေမှာ လူတွေက ကိုယ့်ပေါ်မှာ ဖြစ်ပျက်လာတဲ့ မကောင်းမှုကိုပဲ အကျယ်ချဲ့ပြီး မြင်တတ်ကြပါတယ်။ အဲဒီမကောင်းမှုက ကောင်းမှုတခုအတွက် ဖြစ်ပေါ်လာတာ ဖြစ်နိုင်တယ် ဆိုတာကို မေ့နေတတ်ကြပါတယ်။

တခါတလေမှာလည်း သေးငယ်တဲ့ အောင်မြင်မှုအတွက် ပျော်ရွှင်နေတတ်ပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ အောင်မြင်မှု ရလိုက်တာဟာ ကြီးမားတဲ့ အောင်မြင်မှုတခု ဆုံးရှုံးလိုက်တာ ဖြစ်နိုင်တယ် ဆိုတာကို သတိမမူမိကြပါဘူး။ Crd

Post a Comment

0 Comments