မိတ်ဆွေကျင့်ဝတ် ချိုးဖောက်သူ

တခါတုန်းက လင်းယုန်မနဲ့ မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြရင် ပိုကောင်းလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တပင်မှာ နေကြတယ်။

သစ်ပင်အပေါ်မှာ လင်းယုန်မက အသိုက်လုပ်တယ်။ မြေခွေးမက အပင်အောက် ချုံထဲမှာ ကလေးတွေနေဖို့ နေရာလုပ်ထားပြီး နေထိုင်ကြတယ်။

တနေ့တော့ မြေခွေးမ အစာရှာထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက်ကလေးတွေကို ချီသွားပါရောတဲ့။ ပြီးတော့ လင်းယုန်မနဲ့ သူ့ကလေးတွေဟာ မြေခွေးမရဲ့ ကလေးတွေကို စားသောက်လိုက်ကြတယ်။

မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တမျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တမျိုးနဲ့ အတော် ခံစားရတယ်။

မြေကြီးပေါ်မှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့မလဲ။ သူတတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်ရုံပါပဲ။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ မိတ်ဆွေကျင့်ဝတ် ချိုးဖောက်တဲ့သူကို အပြစ်ဒဏ် ပေးနိုင်ခဲ့ပါတယ်။

တရက်မှာ လူအချို့ဟာ ဆိတ်တကောင်ကို ယဇ်ပူဇော် ထားကြတယ်။ အဲဒါကို လင်းယုန်မက တဟုန်ထိုး ဆင်းလာပြီး နတ်စင် ပေါ်က မီးလောင်နေတဲ့ ဝမ်းတွင်း ကလီစာတွေကို သူ့အသိုက်ဆီ ချီသွားတယ်။

အဲဒီအချိန်မှာ လေပြင်းကျလာတဲ့အတွက် လေယပ်သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက်ကလေးတွေကို မီးစွဲလောင် ပါလေရောတဲ့။

အဲဒီလို အသိုက်ကို မီးလောင်တဲ့အခါမှာ အတောင်မစုံ မပျံနိုင်သေးတဲ့ ငှက်ပေါက်ကလေးတွေဟာ မီးလောင် ခံလိုက်ရပြီးတော့ အောက်ကို ကျသွားတယ်။

အဲဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက်ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက်မှာပဲ အားလုံးကို စားပစ်လိုက် ပါတော့တယ်။

ဒီအကြောင်းအရာလေးက မိတ်ဆွေကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက်ရှိလို့ ဒဏ်မခတ်နိုင်ပေမယ့် ကံတရားရဲ့ အပြစ်ပေးမှုကိုတော့ မလွတ်မြောက်နိုင်ပါဘူး လို့ ပြောတာပါ။ crd

Post a Comment

0 Comments