တခါတုန်းက အလွန်စိမ်းလန်း စိုပြေပြီး သာယာတဲ့ တော့အုပ်ကြီးတခုရှိတယ်။ တောအုပ်ကြီးထဲမှာရှိတဲ့ တိရိစ္ဆာန်တွေ အားလုံးကို ကေသရာဇာခြင်္သေ့မင်းကြီးက အုပ်ချုပ်တယ်။
အဲ့ဒီလို အုပ်ချုပ်နေရင်းနဲ့ ခြင်္သ့မင်းဟာ တဖြည်းဖြည်း အိုမင်းလာတယ်။ ဒီတော့ ခြင်္သ့မင်းဟာ သူရဲ့ တောဘုရင်နေရာကို လွဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ခြင်္သ့မင်းမှာ သူရဲ့ တောဘုရင်နေရာကို လွဲပေးရန် သားဖြစ်သူ ခြင်္သေ့ငယ်လေး ရှိသော်လည်း သူအားထားရလောက်တဲ့ အရည် အချင်း မရှိလို့ဆိုပြီး မပေးဘူးဟု ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ သူက တောထဲမှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးကို ခေါ်ပြီး သူရဲ့တောဘုရင်နေရာကို လွှဲပေးမယ်လို့ ကြေညာလိုက်တယ်။
တိရိစ္ဆာန်တွေ အားလုံးလိုလိုကလည်း တောဘုရင် ဖြစ်ချင်ကြတာပေါ့။ ဒါပေမဲ့ သူရဲ့ တောဘုရင်နေရာကို ရဖို့ သူမေးတဲ့ မေးခွန်းနှစ်ခုကို ဖြေရမယ်လို့ ပြောလိုက်တယ်။ ပထမမေးခွန်းက
"အစုန်ပဲရှိပြီး အဆန်မရှိတာ ဘာလဲ" နောက်ထပ်မေးခွန်း တခုကတော့ "အလျား အနံ မရှိတာဘာလဲ" ဆိုပြီး ပြောလိုက်တယ်။ တိရိစ္ဆာန်တွေ အားလုံးက အဖြေကို စဉ်းစားကြတာပေါ့။
အဲဒီ တိရိစ္ဆာန်တွေထဲမှာ တောတွင်းဘုရင်ဖြစ်ဖို့ စိတ်မဝင်စားတဲ့ တိရစ္ဆာန်လေးတကောင် ရှိနေတယ်။ သူကတော့ ဖြူဖွေးဆိုတဲ့ယုန်လေးပဲ ဖြစ်တယ်။
ဖြူဖွေးဟာ သူရဲ့ မသန်စွမ်းတော့တဲ့ အဖွားကို လုပ်ကျွေးနေသူ ဖြစ်တယ်။ ဘုရင်ကြီးရဲ့ အစည်းအဝေးလည်း ပြီးရော ဖြူဖွေးလေးဟာ သူ့ရဲ့အဖွားကို အစာကျွေးရန် အမြန်လာခဲ့တယ်။
သူနေတဲ့ မြေတွင်းထဲလည်း ရောက်ရော သူ့အဖွားအတွက် စားစရာတွေကို ပြင်ဆင်ပေးတာပါ့။ သူစားစရာတွေ ပြင်နေတဲ့အချိန်မှာ သူ့အဖွားက လှမ်းမေးတယ်။
"ဟဲ့ ငါ့မြေး အစည်းအဝေးမှာ ခြင်္သ့မင်းက ဘာတွေပြောလိုက်တုန်း" လို့ မေးတော့ ဖြူဖွေးလေးက "ဘာမှမဟုတ်ပါဘူးအဖွားရာ ခြင်္သေ့မင်းက သူရဲ့ တောဘုရင်နေရာကို လွှဲပေးဖို့ပါ" ဆိုပြီး အကြောင်းစုံ ပြောပြလိုက်တယ်။
ဒီတော့ သူ့အဖွားက မေးတယ်။
"ငါ့မြေးက ဘုရင်ဖြစ်ချင်လို့လား"
"မဖြစ်ချင်ပါဘူး အဖွားရာ။ ကျွန်တော်က အသည်းက ငယ်တတ်တာနဲ့ ကျွန်တော်နဲ့ အဲဒီအလုပ် ဘယ်လို့မှ အဆင်မပြေပါဘူး အဖွားရယ်" လို့ ဖြူဖွေးက ပြန်ဖြေတယ်။
ဖြူဖွေးရဲ့ အဖြေကို သူ့အဖွားက သဘောကျသွားတယ်။ အဖွားက ဖြူဖွေးလေးကို ပြောတယ် "ငါ့မြေးကို အဲဒီမေးခွန်းရဲ့ အဖြေတွေ အဘွားပြောပြမယ်" ဆိုပြီးတော့ ဘာတွေ ထပ်လုပ်ရမယ် ဆိုတာပါ မှာကြားလိုက်တယ်။
ဒီလိုနဲ့ ဖြူဖွေးလေးဟာ မေးခွန်းတွေကို သွားဖြေမယ်ဆိုပြီး သူ့မြေတွင်းထဲကနေ ခြင်္သေ့မင်းဆီ လာခဲ့တယ်။ ဖြူဖွေးလေး မေးခွန်းတွေ ဖြေတော့မယ်ဆိုတဲ့ သတင်းလည်း ကြားရော တိရိစ္ဆာန်တွေဟာ စုဝေးရောက်ရှိလာတယ်။
ခြင်္သေ့မင်းဆီလည်းရောက်ရော ဖြူဖွေးက မေးခွန်းနှစ်ခုလုံးရဲ့ အဖြေကို ဖြေပြလိုက်တယ်။
"ပထမမေးခွန်းက အစုန်ပဲရှိပြီး အဆန်မရှိတာဘာလဲ ဆိုတော့ သားဆိုးသားမိုက်၊ သမီးဆိုး သမီးမိုက်တွေနဲ့ မိဘကြားကမေတ္တာ ပါပဲ။ အလျားအနံ မရှိတာဘာလဲ ဆိုတော့ မေတ္တာပါ"
ခြင်္သေ့မင်းဟာ ဖြူဖွေးရဲ့ အဖြေတွေ မှန်တာကြောင့် သူ့ကို တောဘုရင်နေရာပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဖြူဖွေးလေးက တခု တောင်းဆိုလိုက်တယ်။
တောဘုရင်နေရာကို သူက မယူပဲ တခြားသူကို လွဲပေးလို့ ရမလား ဆိုတာကိုပေါ့။ ဒီတော့ ခြငင်္သေ့မင်းက "တောဘုရင်နေရာကို မင်းပိုင်ပြီပဲ။ လွဲပေးချင်တဲ့သူကို လွှဲပေးပေါ့" လို့ ပြောလိုက်တယ်။
အဲဒီမှာတင်ပဲ တိရိစ္ဆာန်တွေ တယောက်တပေါက်နဲ့ ဆူဆူညံညံတွေ ဖြစ်ကုန်တယ်။ ဝက်ဝံတကောင်ကလည်း "ဖြူဖွေး ငါမင်းကို ပျာရည်တအိုး လက်ဆောင်ပေးဖူးတယ်နော်"
မျောက်တကောင်ကလည်း "ဖြူဖွေး ဟိုတနေ့က မင်းအဘွားစားဖို့ ငါငှက်ပျောသီး ခူးပေးလိုက်တာနော်" ဆိုပြီး တယောက်တပေါက်နဲ့ သူတို့ကို လွှဲပေးဖို့ တောင်းဆိုနေကြတယ်။
ထို့စဉ် ဖြူဖွေးက "အားလုံး ခဏလေး တိတ်ကြပါဦး ကျွန်တော်ပြောပါရစေဦး" ဆိုပြီး ပြောလိုက်တော့မှ အားလုံး ငြိမ်သက်သွားတယ်။ ပြီးတော့ ဖြူဖွေးက ဆက်ပြောတယ်။
"မြစ်တွေဟာ မြောက်ကနေ တောင်ကို စီးဆင်တာ သဘာဝပါ။ အဲဒီလိုပဲနွေရာသီမှာ နေပူမယ်၊ မိုးရာသီမှာ မိုးရွာမယ်၊ ဆောင်းတွင်းမှာ နှင်းကျမယ်၊ ဒါတွေက သဘာဝက ဖန်တီးထားတာပါ။
ဒါကြောင့် တောတွေရဲ့ ဘုရင်ကလည်း ခြင်္သေ့ပဲ ဖြစ်သင့်ပါတယ်" ဆိုပြီး ခြင်္သေ့မင်းရဲ့ သားကို တောဘုရင်နေရာပေးဖို့ တောင်းဆိုလိုက်တယ်။ ပြီးတော့ ဖြူဖွေးလေးက ဆက်ပြောတယ်။
တောဘုရင်ဖြစ်ဖို့ဆိုတာ ဉာဏ်ပညာရှိရုံနဲ့ မလုံလောက်သေးပါဘူးကိုယ်ကာယပါ ပြည့်စုံမှ သင့်တော်မှာပါ" လို့ ပြောရင်း ထိုနေရာက ထွက်ခွာသွားပါတယ်။ Crd
0 Comments