အရူးကို အကြံမပေးပါနဲ့

တခါတုန်းက သရက်ပင်ကြီးတပင်မှာ ငှက်တွေ အများကြီး အသိုက်လုပ် နားခိုကြပါတယ်။ သရက်ပင်က ကြီးမားတဲ့အတွက် ငှက်တွေဟာ လွတ်လပ် ပျော်ရွှင်စွာ နေလို့ရပါတယ်။

မိုးတွင်း မရောက်ခင်မှာ တောထဲကတိရိစ္ဆာန် တော်တော်များများက သူတို့ရဲ့ နေထိုင်ရာ အသိုက်အမြုံတွေကို လုံခြုံအောင် ပြုပြင်ကြပါတယ်။ အစားအစာတွေလည်း စုဆောင်း သိုလှောင်ကြပါတယ်။

ငှက်တွေကလည်း သူတို့ရဲ့ အသိုက်ကို ပိုပြီး လုံခြုံအောင် ပြင်ဆင်ကြ၊ အစားအစာတွေ သိုလှောင်ပြီး အသိုက်ထဲ စုဆောင်းထားကြပါတယ်။

မိုးတွင်း ရောက်လာတဲ့အခါ ငှက်တွေက အသိုက်ထဲမှာပဲ လုံခြုံစွာ နေထိုင်ပြီး အပြင်မထွက်ကြတော့ပါဘူး။

မိုးသည်းထန်စွာ ရွာနေတဲ့ တနေ့မှာတော့ မျောက်တကောင်က ထိုသရက်ပင်ကို ရောက်လာပါတော့တယ်။ တကိုယ်လုံး စိုရွဲနေပြီးချမ်းတုန်နေတဲ့ မျောက်ကို ငှက်ကလေးတွေက ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြပါတယ်။

အဲဒါနဲ့ပဲ မျောက်ကလေးကို အခုလို ပြောပါတယ်။ "ငါတို့ အားလုံးရဲ့ အသိုက်လေးတွေက မင်းကို မိုးမစိုအောင် မလုပ်ပေးနိုင်ကြလို့ စိတ်မကောင်းပါဘူး။

ငါတို့အားလုံး မိုးတွင်း မရောက်ခင်မှာ နေဖို့ စားဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားကြတယ်။ မင်းကော ပြင်ဆင်ထားခဲ့သင့်တယ်။ အဲဒါဆို ဒီလိုဖြစ်မှာ မဟုတ်ဘူး" လို့ စိတ်မကောင်းစွာ အကြံပေးလိုက်ပါတယ်။

စေတနာဖြင့် ပြောလိုက်တဲ့ ငှက်ကလေးတွေရဲ့ စကားကို ကြားတဲ့ မိုက်မဲတဲ့ မျောက်ဟာ ဒေါသတကြီးနှင့် "ငါ့ကို ဘာလုပ်ရမယ်လို့ ဆရာမလုပ်နဲ့" လို့ ပြောပြီး ငှက်ကလေးတွေရဲ့ အသိုက်တွေကို စိတ်ဆိုးမာန်ဆိုးဖြင့် ဖျက်ဆီးပါတော့တယ်။

သနားစရာကောင်းတဲ့ ငှက်ကလေးတွေက ရူးသွပ်ပြီး စဉ်းစာဉာဏ်မရှိတဲ့ မျောက်တကောင်ကြောင့် အားလုံး ပျက်စီးရ ပါတော့တယ်။

မိုက်ရူးရဲ ဆန်သူတွေကို ဘယ်လောက်ပဲ စေတနာနဲ့ အကြံပေးပါစေ၊ စေတနာကို တန်ဖိုးမထားတတ် ကြပါဘူး။ အရူးတွေကို အကြံပေးဖို့ မကြိုးစားပါနဲ့တော့။ Crd

Post a Comment

0 Comments