မင်းရူးရှာပုံတော်

ကုန်းဘောင်မင်းဆက်တွင် စိတ္တဇညီနောင်ဟု ခေါ်သော အရူးရောဂါဖြင့် ကွယ်လွန်သည့် မင်းနှစ်ပါး ရှိခဲ့ဖူးပါသည်။ စစ်ကိုင်းမင်း(ခေါ်) ဘကြီးတော်မင်းနှင့် ရွှေဘိုမင်း၊ ကုန်းဘောင်မင်း(ခေါ်) သာယာဝတီမင်းတို့ ဖြစ်သည်။

ထိုညီနောင် မင်းနှစ်ပါးတွင် ဘကြီးတော်သည် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲကို ရှုံးသဖြင့် စိတ်ဝေဒနာ ခံစားရပြီး ကွယ်လွန်သည်ဟုဆိုသည်။ ကုန်းဘောင်မင်းဆက်တွင် ဆေးကု၍ မရနိုင်လောက်အောင် ရူးသူကား သာယာဝတီမင်းဖြစ်သည်။

ဘကြီးတော်သည် စစ်ရှုံးဘုရင်အဖြစ် မိမိကိုယ်မိမိ ခံယူပြီး စိတ်ဓာတ်ကျကာနေစဉ် မိဖုရားခေါင်ကြီးမယ်နု၏ မောင်တော် စလင်းမြို့စား၊ သီရိသု မဟာဓမ္မရဇာဘွဲ့ခံ ဦးအိုနှင့် မှူးတော် မတ်တော်တို့က တိုင်းပြည်ကို အုပ်ချုပ်နေရသည်။

ထို့နောက်မှ သာယာဝတီမင်းက နောင်တော်ကို နန်းချပြီး ၁၁၉၉ မှ ၁၂၀၈ အထိ ၉ နှစ်တိုင် ထီးနန်းအုပ်စိုးခဲ့သည်။ နန်းလုမင်း သာယာဝတီသည် ထီးနန်းတက်သည်နှင့် ဘကြီးတော်အား ကြည်ညိုလေးမြတ် အမှုတော်ထမ်းရွက်ခဲ့ကြသော မှူးကြီးမတ်ကြီးများကို အကျဉ်းချထားသည်။

ထို့နောက် အကျဉ်းစံများကို နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲ ထောင်ထဲကထုတ်ကာ သတ်ပစ်သည်။ ဘကြီးတော်၏ ဆေးဆရာကြီးတဦးကိုလည်း ဦးခေါင်းကို နှစ်ပိုင်းခွဲကာ သတ်သည်။ သာယာဝတီမင်းကို မြန်မာရာဇဝင်တွင် လူရှိန်အောင် လေရောဂါစွဲကပ်သည်ဟု ဖော်ပြကြသော်လည်း အင်္ဂလိပ်ရာဇဝင်ဆရာ Cox က ရူးသွပ်သည်ဟု ဆိုသည်။

အမျိုးသားပညာဝန် ဦးဖိုးကျားကလည်း စိတ်ဖောက်ပြန်သည်ဟုဆိုသည်။ ကုန်းဘောင်မင်းဆက်တွင် သာယာဝတီမင်းသည်ကား အရူးဆုံးမင်းဖြစ်သည်။ သာယာဝတီမင်းလက်တွင် စိတ်ရူးပေါက်ကာ သတ်ဖြတ်သဖြင့် ဆုံးရှုံးရသောသူတို့မှာ စကြာမင်း၊ မယ်နု၊ ယင်းတောဝန်ကြီး၊ ပြည်မင်းနှင့် မမြကလေးတို့ ၅ ဦးဖြစ်သည်။

သာယာဝတီမင်း ရူးပုံကိုပြောပါမည်။ ဇောင်းကလော ဘုရားကြီးကို တည်ပြီးနောက် ၁၂၀၅ ခုနှစ်တွင် ဦးပုညက သက်တော် ၆၀ တွင် သာဓိနမင်းကဲ့သို့ တာဝတိံသာသို့ တက်ကိန်းရှိကြောင်း ဟောလိုက်သည်။

သို့သော် ယခုမှ ၅၇ သာ ရှိသေးသဖြင့် သတိထားကာ မန္တလေးဘက်ရှိ မင်းတဲ အီကင်းရပ်သို့ ယာယီပြောင်းရွှေ့ပြီး နန်းစံသင့်ကြောင်း သတိပေးသည်။ သို့သော် ထီးနန်းကို မတရား လုယူထားသူတို့ ထုံးစံအတိုင်း သူ့ထံကလည်း ပြန်လုမည်ကို ကြောက်နေတော့သည်။

၁၂၀၆ ခုလောက်စပြီး သာယာဝတီမင်း သွေးပျက်နေတော့သည်။ မျက်စိကြောင်တောင် အိပ်မရဖြစ်လာသည်။ ပွဲတော်တည်လျှင် လက်ဆေးရန်မေ့သည်။ အစားအသောက်လည်း နည်းလာသည်။ အမြဲလိုလို ပြုံးနေတတ်သည်။

မိဖုရား အဆောင်တွေကို ကူးလျှင်လည်း လက်ထဲတွင် လှံတိုတချောင်း ကိုင်ထားလေ့ရှိသည်။ နန်းတော်ထဲ လျှောက်သွားစဉ် တွေ့သမျှ လူတွေကို "ဟဲ့ မောက်လုံးလား မောက်ပြားလား" ဟုမေးသည်။ သူမေးလျှင် ဒူးတုပ်ကာ ဖြေရသော်လည်း ပြေးပေါက်ကို ကြည့်ထားရသည်။ လက်ထဲက လှံက လူမရွေးပြီ။

တခါသော် မိဖုရား မမြကလေးအဆောင်ကို ဝင်လာသည်။ "နန်းမတော် မောင်တော်သည် ရှိန်းပြီးကာ ကိုယ်ပျောက်နိုင်သည် ကြည့်လော့" ဆိုကာ တောင်ရှည် ဝတ်လဲတော်ကို ခေါင်းမြီးခြုံပြီး တိုင်ကွယ်တွင် ဝင်ပုန်းသည်။

မိဖုရား မမြကလေးကလည်း အလိုလိုက် အကြိုက်ဆောင်ကာ "မောင်တော် ဘယ်ရောက်သွားပြီလဲဘုရား မမြင်ရတော့ပါဘုရား။ သနားသဖြင့် မောင်တော့်ကို ဖူးတွေ့ ပါရစေ၊ ရွှေကိုယ်တော်ကို ပြပါဦးဘုရား" ဟု ပြောမှ သဘောကျကာ ရယ်မောပြီး တိုင်ကွယ်က ထွက်လာသည်။ "နှမလေး ဘယ်မြင်မှာလဲ မောင်တော်က ဘယ်မှမသွားဘူး ဆေးတန်ခိုးကြောင့် မမြင်ရတာ" ဟု ဆိုလေသည်။

တနေ့ နန်းပြင်ကို ထွက်သည့်အခါတွင်လည်း ထီးတော်မိုးက သူ့ကို နေလုံအောင် မမိုးရကောင်းလားဆိုကာ ကိုယ်တော်တိုင် လှံဖြင့် ကွပ်မျက်သည်။ နန်းပြင်ထွက်လျှင် ပုံမှန် မင်းဣန္ဒြေဖြင့် သွားသည်မဟုတ်။ ခုန်ပျံကျော်လွှားကာ သွားသဖြင့် ထီးတော်မိုးတွေ စိတ်ညစ်ရသည်။ သတ်မှာလည်း ကြောက်ရသေးသည်။

ကိုယ့်ဘုရင်မှာ ဖောက်ပြန်ရူးသွပ်နေပြီကို သိသဖြင့် ထီးတော်မိုးကလည်း မိဖုရား မမြကလေးအတိုင်း "ဘုန်းတော်ကြီးဘုရား ကိုယ်ပျောက်နေသောကြောင့် မမြင်တော့ပါ ထီးတော်အောက်မှာ မတွေ့ပါ" ဟု လျှောက်ရလေသည်။ ထို့နောက် ဘုရင်ကို ရှာဖွေဟန် ပြုရသည်။ ထိုအချိန်မှ "မြင်စေ မောင်မင်း" ဟု မိန့်ပြီး ဆုလာဘ်များ ပေးသနားသည်။

အိမ်သာသွားလျှင် ကျွန်ယုံတော် ဗိုလ်မောင်ဆိုင်ကိုခေါ်ပြီး မိန်းမစိုးနှစ်ယောက်နှင့် အတူသွားသည်။ နောက်ပါတို့က အိမ်သာအပြင်တွင် ရပ်စောင့်နေရသည်။ တနေ့ အိမ်သာမှ ထွက်လာပြီး စိတ်ဖောက်သဖြင့် မိန်းမစိုးနှစ်ယောက်ကို လက်ညှိုးညွှန်ကာ "ဟောသည်မှာ ရန်သူတော်တွေ ကွပ်မျက်ကြလေ" ဟု အော်သည်။

မိန်းမစိုးတယောက်ကို သူကိုယ်တိုင် ဓားနှင့် ငါးကြော်ကို မွှမ်းသလို မွှမ်းရာ ပွဲချင်းပြီး သေလေသည်။ ဗိုလ်မောင်ဆိုင်က ဓားထိသော်လည်း သေချင်ဟန် ဆောင်သောကြောင့် လွတ်လေသည်။ ဘုရင်ရူး သွက်သွက်ခါနေပြီ ဖြစ်ကြောင်း တောင်အင်းစားက လွှတ်တော်ဝန်ကြီးများကို သူမြင်တွေ့ရသည်များ တိုင်ကြားလျှောက်ထားသည်။

ကိုယ့်ဘုရင် ရူးနေမှန်း ထိုအချိန်မှ သိကြသဖြင့် နေမကောင်းချင်ဟန်ဆောင်ကာ ရှောင်သူများလာသည်။ မလွှဲသာ၍ ခစားရလျှင်လည်း သတိထားကာ အသက်စွန့်ပြီး နေကြရသည်။ သူ့ကို ရူးနေပြီဟု လွှတ်တော်ကို လျှောက်တင်သော တောင်အင်းစားကို တညတွင် ခေါ်ကာ "ဟဲ့ ငါ့စံနန်းတော်အောက်က ဝက်တွေကို ဝက်ကြီးနှင့် ဝက်ငယ် ခွဲခြားရန် ဝက်ခြံလုပ်စမ်း။ ဝက်ကြီးတွေက ဝက်ငယ်တွေကို ကိုက်လွန်းလို့" ဟု ဆိုသည်။

ထိုအချိန်တွင် ဘုရင်ကိုယ်တိုင်ကလည်း ပုဆိုး ခါးတောင်းကျိုက်ပြီး လှံကို တဖက်ကကိုင်ကာ ဝက်ကြီး ဝက်ငယ် လိုက်ခွဲနေသည်။ ထိုသို့ ခွဲနေရင်း တောင်အင်းစားကို "ဟဲ့ တောင်အင်းစား နင်ဘာလုပ်နေသလဲ" ဟု မေးသည်။

"ဝက်များကို ခွဲထားရန် ဝက်ခြံလုပ်နေပါသည်ဘုရား"

"နင့်ကို ဘယ်သူခိုင်းသလဲ။ သည်လို ခွဲထားရင် ဝက်လေးတွေ နို့ဘယ်လို စို့မလဲ" ဟု ဆိုပြန်သည်။ ဘုရင်ကိုယ်တိုင် နေဝင်မှ နန်းတော်ပေါ်ကို တက်သည်။

ထိုအချိန်မှ ဝန်ကြီးများက သူတို့ဘုရင် ရူးနေပြီ ဆိုခြင်းကို လက်ခံပြီး ပုဂံမင်းကို အိမ်ရှေ့အရာထားကာ တိုင်းရေးပြည်ရေး စီမံအုပ်ချုပ်ခိုင်းရတော့သည်။ သာယာဝတီမင်းကား နေမြင့်လေ အရူးရင့်လေ ဆိုသလို ဖြစ်လာသည်။ ရယ်ချင်လည်း အတောမသတ် ရယ်သည်။ ငိုလည်း အတောမသတ်ငိုသည်။

စိတ်ဖောက်လာလျှင် ပြောချင်ရာပြော လုပ်ချင်ရာ လုပ်တော့သည်။ စိတ္တဇရောဂါ စွဲကပ်နေသည့် အထိန်းသိမ်းခံ နောင်တော် ဘကြီးတော်မင်းသည် ၁၈၄၆ တွင် နတ်ရွာစံသည်။ သာယာဝတီမင်းသည်လည်း နောင်တော်နှင့် တနှစ်တည်း ၁၈၄၆ မှာပင် စိတ်ရောဂါဖြင့် နတ်ရွာစံသည်။

မသေမီ ၁၈၄၁ တွင် နောင်တော် ဘကြီးတော်မင်းနှင့်အတူ အောက်မြန်မာပြည် ဆင်းလာပြီး ရွှေတိဂုံ၊ သံလျင် ကျိုက်ခေါက်ဘုရား၊ ပဲခူး ရွှေမော်ဓောဘုရားတို့ကို လာရောက် ဖူးမျှော်သွားသေးသည်။

မှတ်တမ်းများတွင် သာယာဝတီမင်းသည် နိုင်ငံခြားမှ စစ်လက်နက်ပစ္စည်းများကို တင်သွင်းပြီး စစ်သည်တော်များကို ခေတ်မီအောင် စစ်ရေးလေ့ကျင့်ခိုင်းသည်တို့ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ ကိုယ့်ကို အုပ်ချုပ် မင်းလုပ်နေသူမှာ ရူးနေသူဖြစ်ကြောင်းကို လွှတ်တော် ဝန်ကြီးများကို ရဲဝံ့စွာ လျှောက်တင်ဝံ့သည် တောင်အင်းစားအကြောင်း သမိုင်းမှတ်တမ်းများကို ဆက်လက်ရှာဖွေရဦးမည်။

ရည်ညွှန်းကိုးကား- ၁။ ကုန်းဘောင်ရှာပုံတော်၊ ညိုမြ ၂။ ကျောင်းသုံးမြန်မာရာဇဝင်၊ ဦးဘသန်း (ဘီအေ) ၃။ မြန်မာနိုင်ငံ သမိုင်းသစ် (၁၇၅၂-၁၉၄၈)၊ ဦးအေင်သိန်းဟန် (ဝိဇ္ဇာ-ဂုဏ်ထူး) ၄။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန် မြန်မာ့လူချွန် ၁၀၀၊ ရာပြည့်စာတည်းအဖွဲ့ တင်ညွန့်

Post a Comment

0 Comments