တခါတုန်းက ကောင်လေးတယောက်ဟာ မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်။ သူက မုန့်ဟင်းခါးကို ကျကျနန ချက်တတ်တော့ သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်။
စားကောင်းလွန်း အားကြီးတော့ သူ့မုန့်ဟင်းခါးက အစောကြီး ကုန်ကုန်သွားတယ်။ သူကလည်း မုန့်ဟင်းခါးကို စေတနာပါပါနဲ့ ချက်တယ်။ သူ့ မုန့်ဟင်းခါးလည်း နာမည် ရလာတယ်။
ဒီလိုနဲ့ တနေ့ ခါတိုင်းထက် စောပြီးတော့ မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်။ ဒီတော့ ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့ သူ့မှာပါလာတဲ့ ဂီတာ ထိုင်တီးတယ်။
ကောင်လေးက ဂီတာထိုင်တီးတာ ဝါသနာ ပါတယ်။ ဒါပေမဲ့ ပညာရှင်တယောက်လို တီးတတ်တာတော့ မဟုတ်ဘူး။ သို့သော် နားထောင်လို့ ကောင်းရုံတော့ အသင့်အတင့်တော့ တီးတတ်တယ်။
အဲဒီတော့ သူဂီတာ ထိုင်တီးနေတုန်းမှာ ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက သတိထားမိပြီး လာနားထောင်ကြတယ်။ လက်ခုပ်သြဘာ ပေးကြတယ်။
ဟိုသီချင်းလေး တီးပြပါ ဒီသီချင်းလေး တီးပြပါပေါ့။ သူကလည်း ကြိုးကြိုးစားစားနဲ့ တီးပြတယ်။ လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ်။
ဒီလိုနဲ့ သူက တနေ့တနေ့ အိမ်ပြန်ရောက်ရင် မုန့်ဟင်းခါးချက်ဖို့ကို စိတ်မပါတော့ဘူး။ ဂီတာကို ဘယ်သီချင်းတွေနဲ့ တီးရမလဲပဲ စဉ်းစားတော့တယ်။ အဲ့ဒီမှာပဲ စိတ်က ရောက်နေတယ်။
သူဟာ မုန့်ဟင်းခါးအိုးကြီးကို ပစ်ထားတယ်။ ခါတိုင်းလို စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး။ လူတွေ လက်ခုပ်သြဘာ ပေးတဲ့ဂီတာ ထိုင်တီးတာကိုပဲ သာယာပြီး ပျော်မွေ့နေတယ်။
အဲ့ဒီမှာ သူ့မုန့်ဟင်းခါး နာမည်ပျက်သွားတယ်။ အရင်လို မရောင်းရတော့ဘူး။ ဂီတာကလည်း ပညာရှင်အဆင့် မဟုတ်ဘူး ဒီအတိုင်း ဝါသနာရှင်အဆင့် တီးတတ်ရုံဆိုတော့ အဲ့ဒါနဲ့လည်း အလုပ်မဖြစ်ဘူး။
နောက်ဆုံးမှာတော့ ကောင်လေးဟာ မျောက်သစ်ကိုင်းလွတ်ပြီး ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွား ပါတော့တယ်။
ဆိုလိုချင်တာကတော့ လက်ရှိ အလုပ်ဖြစ်တဲ့ တသက်လုံး မုန့်ဟင်းခါး ချက်တော့မှာလား၊ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ပေါက်မြောက်အောင် လုပ်မှာလား၊ ၂ ခုစလုံးကိုပဲ ထူးချွန်အောင် လုပ်မှာလား။ ဒါမေမယ့် မျောက်သစ်ကိုင်းလွတ် သလိုတော့ မဖြစ်စေကြနဲ့ပေါ့။ Crd
0 Comments