ပန်းကမ်းသော လက်တစုံ

တခါတုန်းက ပန်းသည်မလေးတဦးဟာ ပန်းအများစုကို ရောင်းချပြီးနောက် မိုးချုပ်လာတာကို သတိပြုမိပါတယ်။ ဒီတနေ့တော့ စောစောပြန်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ရောင်းလို့ ကျန်နေတဲ့ နှင်းဆီပန်းတပွင့်ကို လမ်းဘေးမှာရှိတဲ့ တောင်းစားနေတဲ့ သူတောင်းစားတယောက်ကို ပေးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားပါတော့တယ်။

သူတောင်းစားလေးဟာ ဒီလောက်ကောင်းမွန်တဲ့ အဖြစ်အပျက် မိမိအပေါ်မှာ ကျရောက်လာခဲ့လိမ့်မယ်ဆိုတာ ဘယ်တော့မှ မျော်လင့်မထားခဲ့ပါဘူး။ အဲဒီနေ့မှာ သူဟာ တောင်းစားဖို့ စိတ်ဆန္ဒ မရှိတော့ပါဘူး။

သူအိမ်ပြန်ဖို့ ဆုံးဖြတ်ပြီး အိမ်ပြန်သွားပါတယ်။ အိမ်လို့သာ ခေါ်တာပါ ရှုပ်ပွနေပါတယ်။ တဲစုပ်သာသာရှိတဲ့ အဆောက်အဦးငယ် တခုမှာပါ။ မြို့ပြင်မှာ တည်ရှိပါတယ်။

အိမ်ရောက်တာနဲ့ သူတောင်းစားလေးဟာ ဖန်ပုလင်းတခုကို ရှာဖွေလိုက်တယ်။ ရေဖြည့်လိုက်တယ်။ ပြီးရင် နှင်းဆီပန်းကို ထိုးလိုက်ပါတယ်။ ပြီးရင်စားပွဲခုံမှာ တင်လိုက်ပါတယ်။

ကြည့်ရင်းကြည့်ရင်း သူတစုံတခုကို ချက်ချင်း သတိရလိုက်သလိုပဲ နှင်းဆီပန်းကို ပုလင်းထဲက ပြန်ထုတ်တယ်။ ပုလင်းကို သေသေချာချာ ဆေးကျောတယ်၊ ရေပြန်ဖြည့်တယ်။ ပြီးရင် ပန်းပြန်ထိုးတယ်။ ပြီးရင် သေသေချာချာထိုင်ပြီး ပန်းကိုပြန်ကြည့်တယ်။

ချက်ချင်းဆိုသလိုပါပဲ သူတခုခုကို သိလိုက်တယ်။ ပန်းနဲ့ပုလင်းတော့ ကြည့်ကောင်းလာပေမဲ့ တင်ထားတဲ့ စားပွဲနဲ့ မလိုက်ဘူး။ စားပွဲက ညစ်ပတ်လွန်းတယ်၊ သူစားပွဲကို သန့်ရှင်းအောင် ရှင်းလင်းပြန်တယ်။ နောက်တဆင့် စားပွဲဘေးကို ရှင်းတယ်။ ရှင်းရင်းရှင်းရင်း အခန်းတခုလုံးကို ရှင်းတယ်။ နံရံကို ဆေးကြောပြီး ရှင်းတဲ့အထိ ဖြစ်သွားတယ်။

ပစ္စည်းအားလုံးကိုလည်း သူ့နေရာနဲ့သူ အစီအစဉ်ကျအောင် ရှင်းလိုက်ပါတယ်။ အားလုံးရှင်းပြီးလို့ သူပြန်ထိုင်တယ်။ နှင်းဆီပွင့်ကို သေသေချာချာ ပြန်ကြည့်ပါတယ်။ နှင်းဆီပွင့်မှ ထွက်ရှိလာတဲ့ ပန်းရနံ့လေးကို သူရှူရှိုက်မိတယ်။ နှင်းဆီပွင့်ကို ယစ်မူးနေတဲ့ အချိန်မှာပဲ အခန်းဒေါင့်မှာ ခုနက ထားထားတဲ့ ကြည့်မှန်တချပ်ကို သူတွေ့လိုက်တယ်။

သူကြည့်မှန်ကို ကောက်ကိုင်ပြီး ကြည့်လိုက်တယ်။ မှန်အထဲကလူ ဆံပင်က ဖယိုဖရဲ အဝတ်အစားကလည်း စုတ်ပျက်ပျက်၊ မျက်နှာကလည်းမဲတူးတူး။ သူဒီလို ရုပ်မျိုးဖြစ်တယ် ဆိုတာ သတိမထားမိတာ ကြာလှပါပြီ။ အဲဒီတော့ ဘာလုပ်မလဲ၊ အနီးအနားမှာရှိတဲ့ ချောင်းတခုကို ပြေးပြီး ရေချိုးတယ်။

နည်းနည်းဟောင်းနွမ်းနေပေမဲ့ ကြည့်လို့ကောင်းတဲ့ အဝတ်တထည်ကို ရွေးဝတ်လိုက်ပါတယ်။ မုတ်ဆိတ် ရိတ်လိုက်တယ်။ ဆံပင်ကို သပ်ယပ်အောင် သေသေချာချာ ပြင်ဆင် ဖီးလိုက်ပါတယ်။

မှန်ထဲကို ပြန်ကြည့်လိုက်တယ်။ ရုပ်သန့်သန့် လူငယ်တယောက်ကို သူမြင်လိုက်တယ်။ စားပွဲမှာ တင်ထားတဲ့ နှင်းဆီပွင့်နဲ့ တော်တော် လိုက်ဖက်လာပြီလို့ သူခံစားလိုက်ရတယ်။

အသိတခု ထပ်ဝင်သွားတယ်။ ငါဒီလောက်တောင် ခြေလက်အင်္ဂါ ကောင်းပြီး ရုပ်သန့်တာ ဘာဖြစ်လို့ တောင်းစားနေရပါလိမ့်။ တသက်နဲ့တကိုယ် ဒီလိုမေးခွန်းမျိုး ကိုယ့်ကိုယ်ကို တခါမှ မမေးခဲ့ပါဘူး။

သူ့တကိုယ်လုံး ကြက်သီး ထသွားတယ်။ သူ့ရဲ့ လိပ်ပြာနိုးထလိုက်သလိုပါပဲ။ သူနှင်းဆီပွင့်ကို စူးစူးကြည့်လိုက်တယ်။ ဘဝအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဆုံးဖြတ်ချက်တခုကို သူ ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

သူတောင်းစားလေး နောက်တနေ့ မတောင်းစားတော့ပါဘူး။ သူအလုပ် သွားရှာပါတော့တယ်။ ညစ်ပတ်တာကို မကြောက်တာရယ်၊ မောပန်းတာကို မစိုးရိမ်တာရယ်ကြောင့် သူ အဲဒီနေ့မှာပဲ အလုပ်ရသွားပါတယ်။

သူကြိုးကြိုးစားစား လုပ်ပါတယ်။ သူစိတ်ထဲမှာ နှင်းဆီတွန်းအား ရှိနေတာကိုး။ အဲဒီလို ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကိုယ်ပိုင်အလုပ် သူတည်ထောင် နိုင်သွားပါတယ်။ နောက်ပိုင်းအောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ်သွားပါတယ်။

နှစ်ပေါင်းတော်တော် ကြာသွားပါတယ်။ သူ နှင်းဆီပေးတဲ့ ကောင်မလေးကို ပြန်တွေ့အောင် ရှာပါတယ်။ သူပိုင်တဲ့ စည်းစိမ်တဝက် ပေးလိုက်တယ်လို့ ဆိုပါတယ်။ "နှင်းဆီတပွင့်ထဲ အဲဒီလောက်တောင် ဖြစ်နိုင်လား" လို့ အမျိုးသမီးက မေးပါတယ်။ ကောင်မလေးက အမျိုးသမီးကြီးတောင် ဖြစ်နေပါပြီ။

"အဲဒါ နှင်းဆီမဟုတ်ပါဘူး၊ အဲဒါမျှော်လင့်ချက်ပါ။ ဘဝအတွက် အရေးပါဆုံး မျှော်လင့်ချက်။ လှပတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ မျှော်လင့်ချက်" လို့ သူက ပြန်ဖြေပါတယ်။

"ပန်းကမ်းသောလက်ဟာ မွေးရနံ့တော့ လက်မှာ ကျန်ခဲ့တတ်ပါတယ်" ဆိုတဲ့စကားပုံ အဲဒီပုံပြင်က လာတယ်လို့ ဆိုပါတယ်။ လူတိုင်းမှာ အရည်အသွေး ကိုယ်စီ ရှိပါတယ်။ လူတိုင်းဟာ ထူးချွန်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မူအပြည့် ရှိဖို့သာ လိုအပ်ပါတယ်။ ဘယ်သောအခါမှ ကိုယ့်ကိုယ်ကို မစွန့်လွတ်ဖို့၊ ဘဝကို အရှုံးမပေးဖို့ တိုက်တွန်းလိုပါတယ်။ phoomyatchal

Post a Comment

1 Comments

  1. မြန်မာစာကို မှန်အောင် ရေးတတ်သူတွေလည်း ရှိပါသည်။ Love Media ကျေးဇူး။

    ReplyDelete